လက်ရှိ အင်္ဂလန်အသုံးပြုနေတဲ့ စနစ်ကြောင့် ကိန်း၊ ဘယ်လင်ဂမ်နှင့် ဖိုဒန်တို့ တပြိုင်တည်း ပွဲမထွက်နိုင်ကြောင်း တူချယ် ပြောကြားလာ
==================
သောမတ်စ်တူချယ်က လက်ရှိ အင်္ဂလန်အသင်း အသုံးပြုနေတဲ့ စနစ်ကြောင့် ဟယ်ရီကိန်း၊ ဂျူ့ဘယ်လင်ဂမ်၊ ဖီးလ်ဖိုဒန်တို့ တပြိုင်နက်တည်း ပွဲထွက်နိုင်ခြင်း မရှိကြောင်း ပြောကြားလာပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ ဂျူ့ဘယ်လင်ဂမ်၊ မန်စီးတီးရဲ့ ဖီးလ်ဖိုဒန်တို့ဟာ ဆားဘီးယား၊ အယ်ဘေးနီးယားတို့နှင့် ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် အင်္ဂလန်အသင်းတွင် ပြန်လည် ရွေးချယ်ခြင်းခံထားရပါတယ်။
ဗုဒ္ဧူးနေ့တုန်းက တူချယ်က အင်္ဂလန်ရဲ့ ကျောနံပါတ် ၁၀ နေရာအတွက် ဘယ်လင်ဂမ်နှင့် ဗီလာရဲ့ မော်ဂန်ရိုဂျာတို့ ယှဉ်ပြိုင်နေရပြီး ဖီးလ်ဖိုဒန်ကိုလည်း တောင်ပံကစားသမားအဖြစ် မမြင်တော့ဘဲ ကျောနံပါတ် ၉ နှင့် ကျောနံပါတ် ၁၀ အရောအနှောကစားသမားအဖြစ်သာ မြင်ကြောင်း ဆိုထားပါတယ်။
ယင်းသို့ အခြေအနေကြောင့် ဟယ်ရီကိန်း၊ ဘယ်လင်ဂမ်နှင့် ဖီးလ်ဖိုဒန်တို့ကို တပြိုင်တည်း အသုံးပြုလာနိုင်သလားလို့ မေးမြန်းလာချိန်တွင် တူချယ်က "အခုအချိန်မှာ ဒီတည်ဆောက်ပုံအတိုင်း သွားရင် သူတို့ မကစားနိုင်ပါဘူး။ သူတို့ ကစားနိုင်တယ်။ ဒီတည်ဆောက်ပုံနဲ့တော့ မဟုတ်ဘူး။ ကျွန်တော်တို့ ဖွဲ့စည်းတည်ဆောက်ထားတာ ဟန်ချက်ညီလာမှာလည်း မဟုတ်ပါဘူး။ ဒီတည်ဆောက်ပုံက သူ့နေရာတွေမှာ အရမ်းတော်ကြတဲ့ တောင်ပံသမားတွေကို မီခိုတည်ဆောက်ထားတာ"လို့ ပြောကြားသွားပါတယ်။
တူချယ်ဟာ အင်္ဂလန်အသင်းတွင် ၄-၃-၃ ကစားကွက် အသုံးပြုနေပြီး တောင်ပံနှစ်ဖက်က အသင်းခေါင်းဆောင်ဟယ်ရီကိန်းကို ထောက်ပံ့ရတဲ့စနစ် သုံးနေပါတယ်။
ဆာကာက ညာတောင်ပံနေရာအတွက် ဦးစားပေးကစားသမားဖြစ်ပြီး ဘယ်တောင်ပံမှာ အန်တိုနီဂေါ်ဒွန် (သို့မဟုတ်) မားကပ်စ်ရက်ဖို့ဒ် အသုံးပြုပါတယ်။
ယခု တူချယ် ပြောဆိုလာမှုအရ ဟယ်ရီကိန်းနောက်တွင် ကစားရမယ့် ကျောနံပါတ် ၁၀ နေရာအတွက် ယှဉ်ပြိုင်မှုမှာ အလွန်မြင့်မားလာပြီး နာမည်ကြီးကစားသမားတစ်ဦး ကမ္ဘာ့ဖလားလူစာရင်းတွင် ချန်လှပ်ခံလာရနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
အင်္ဂလန်အသင်းတွင် ကျောနံပါတ် ၁၀ နေရာတွင် ကစားနိုင်သူများအဖြစ် ဘယ်လင်ဂမ်၊ ရိုဂျာနှင့် ဖီးလ်ဖိုဒန်တို့အပြင် ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကိုးလ်ပါလ်မာ၊ မော်ဂန်ဂစ်ဝှိုက်တို့အပြင် အာဆင်နယ်ရဲ့ အီဘီရီချီအီးဇီးတို့လည်း ရှိပါသေးတယ်။
ယင်းသို့ အခြေအနေကြောင့် တူချယ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကျောနံပါတ် ၁၀ ကစားသမား ၅ ဦးအထိ ရွေးချယ်လာနိုင်တဲ့ အခြေအနေမှာ မရှိပါဘူး။