ချင်းမိုင်၌ ငွေလိမ်ဂိုဏ်းကောလ်စင်တာတစ်ခု ဖမ်းမိ
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ဆာရာဖီ ရပ်ကွက်ရှိ ဇိမ်ခံအိမ်တစ်အိမ်မှာ ဖုန်းအလုံး ၂ဝဝ လောက်အသုံးပြုကာ နေ့စဉ် ဘတ် ၄ဝဝဝဝဝ ခန့်ဝင်ငွေရှာနေတဲ့ တရုတ် ကောလ်စင်တာဂိုဏ်းကိုလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ The Nation Thailand သတင်းမှာ ဖော်ပြထားပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီ လောက်မှာ ရဲမှူးကြီးဦးဆောင်တဲ့ အဖွဲ့က ဒီကော်လ်စင်တာဂိုဏ်းကို ဝင်ရောက် ရှာဖွေ ခဲ့တာ ဖြစ်တယ်လို့ ချင်းမိုင် လူဝန်မှု ကြီးကြပ်ရေးဌာန က ထုတ်ပြန်ထားပါတယ်။
ထိုင်းသတင်းဖော်ပြချက်အရ နေ့စဉ် ဘတ်ငွေ ၄၀၀၀၀၀ ကျော် လွှဲပြောင်းနေတဲ့ ထိုင်းဘဏ်စာအုပ် ၂၀၀ ကျော်နဲ့ ငွေလွှဲလက်ခံဖို့ အသုံးပြုတဲ့ မိုဘိုင်းဖုန်း ၁၇၄ လုံး၊ ATM ကတ် ၇၃ ခုနဲ့ ကွန်ပျူတာ ၂ လုံးတို့ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တရုတ်လူမျိုးတစ်ယောက်နဲ့ အိမ်စောင့်တစ်ယောက်ကို ဖမ်းမိခဲ့ပြီး အိမ်ကို ရှာဖွေနေစဉ် အိမ်ကို လာရောက်တဲ့ နောက်ထပ် တရုတ်အမျိုးသားတစ်ယောက်ကို ထပ်မံတွေ့ရှိခဲ့ပြီး သူနဲ့အတူ ဆက်သွယ်ရေး ပစ္စည်းတွေ၊ ဘဏ် အကောင့်တွေနဲ့ ကားကိုပါ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
လူဝင်မှုကြီးကြပ်ရေးဗျူရို ၅ ရဲ့ ရဲမှူးချုပ် စရဝုဒ်ကွန်ယိုင်က ဒီသံသယရှိသူတွေဟာ ထိုင်းနိုင်ငံသားတွေကို လိမ်ညာနေတဲ့ ကောလ်စင်တာကွန်ရက်က ဖြစ်ပြီး သိမ်းဆည်းမိတဲ့ ဘဏ်အကောင့်တွေနဲ့ ATM ကတ် တွေဟာ ထိုင်းနိုင်ငံသား နာမည်တွေ ပါဝင်နေတာကြောင့် ထိုင်းနိုင်ငံသားတွေကို တိုက်ရိုက် ထိခိုက်နစ်နာစေတဲ့အမှု ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။ သံသယရှိသူတွေနဲ့ သက်သေခံပစ္စည်းတွေကို နည်းပညာ မှုခင်းနှိမ်နင်းရေးဌာနခွဲကို ပို့ဆောင်ခဲ့ပြီး စစ်ဆေး အရေးယူမှာဖြစ်တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။