လူ ၂၀ လိုက်ပါသွားတဲ့ တူရကီစစ်လေယာဉ် အဇာဘိုင်ဂျန်-ဂျော်ဂျီယာ နယ်စပ်မှာ ပျက်ကျ
လူ အယောက် ၂၀ တင်ဆောင်လာတဲ့ တူရကီစစ်ဘက်ကုန်တင်လေယာဉ်တစင်း အဇာဘိုင်ဂျန်-ဂျော်ဂျီယာနယ်စပ်အနီးမှာ ပျက်ကျသွားတယ်လို့ တူရကီကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အရာရှိတွေက သေဆုံးသူအရေအတွက်ကို အတည်မပြုသေးပေမယ့် တူရကီသမ္မတ အာဒိုဂန်ကတော့ သူရဲကောင်းတွေအတွက် ဝမ်းနည်းကြောင်း အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုပါတယ်။ လက်ရှိမှာတော့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါပြီ။
C-130 ကုန်တင်လေယာဉ်ဟာ အဇာဘိုင်ဂျန်ကနေ တူရကီကို ပျံသန်းလာချိန် ပျက်ကျတာလို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အခင်းဖြစ်ပွားရာနေရာက ဓါတ်ပုံတွေမှာတော့ လေယာဉ်ရဲ့ အပျက်အစီးတွေလို့ ယူဆရတဲ့ အစိတ်အပိုင်းတွေကို ပြသထားပါတယ်။
လေယာဉ်ဟာ အရေးပေါ်အချက်ပြမှု မထုတ်ပြန်ဘဲ ရေဒါကနေ ပျောက်ကွယ်သွားတယ်လို့ ဂျော်ဂျီယာလေကြောင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။ လေယာဉ်ဟာ အဇာဘိုင်ဂျန်ကနေ ၅ ကီလိုမီတာလောက်အကွာရှိ ဆီဂ်နာဂီအနီးမှာ ပျက်ကျသွားတယ်လို့ ဂျော်ဂျီယာ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
အဇာဘိုင်ဂျန်သမ္မတ အီဟမ် အလီယက်ဗ်က အာဒိုဂန်ဆီကို ပေးပို့တဲ့ မက်ဆေ့ချ်မှာ "စစ်မှုထမ်းတွေ ဆုံးရှုံးရတဲ့ သတင်းအတွက် အလွန်ဝမ်းနည်းမိကြောင်း" ပြောကြားခဲ့ပါတယ်။
တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Tom Barrack ကလည်း လေယာဉ်ပျက်ကျမှုအတွက် "အလွန်ဝမ်းနည်းကြေကွဲမိပါသည်" လို့ ပြောပါတယ်။
C-130 လေယာဉ်ဟာ ကမ္ဘာတဝန်းရှိ လေတပ်တွေ အသုံးပြုတဲ့ အမေရိကန်လုပ် သယ်ယူပို့ဆောင်ရေး လေယာဉ်တစင်း ဖြစ်ပါတယ်။