ဖားကန့်မှာ တိုက်ပွဲ​တွေ​ကြောင့် ယခုရက်ပိုင်းအတွင်း သေဆုံးသူ ဒဏ်ရာရသူတွေ အ​ရေအတွက်များလာ

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်မှာ ယခုရက်ပိုင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ၊ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး လေကြာင်းတိုက်ခိုက်မှုပါ ရှိလာကာ လူသေဆုံးမှု နဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ ၊ နေ့လယ် ၁ နာရီကျော်လောက်မှာ လေကြောင်းကနေ ဗုံးကြဲလို့ ကထန်ကွက်သစ်ထဲက အမျိုးသမီး တယောက် သေဆုံးကာ သုံးယောက်ထိခိုက် ဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။
" လေယာဥ်တွေ ဝဲနေတယ်ဆိုပြီး သတိထားနေတုန်း ကြဲချသွားတာ ။ ကထန်ကွက်သစ်ထဲက အိမ်ပေါ်ကျပြီး သားအမိနှစ်ယောက်မှာ အမေကဆုံးသွားတယ် ။ သုံးနှစ်အရွယ် သားလေးက ဒဏ်ရာရတယ်။ နောက်ထပ် လူကြီးနှစ်ယောက် ဒဏ်ရာရတယ် ။အခုက ဘာတွေဖြစ်နေမှန်းကို မသိဘူး ။ စစ်ရေးကရှုပ်နေတဲ့ သဘောရှိတယ် ။ အရင်ရက်ကလည်း ပေါက်ကွဲလို့ သေသူတွေရှိတယ် ။ ခုရက်ပိုင်း အပြင်မထွက်တာ အကောင်းဆုံး ဖြစ်နေတယ် ။ " လို့ ဖားကန့် ဒေသခံက ပြောပါတယ်။
မနေ့က နိုဝင်ဘာ ၁၀ ရက်နေ့က မှော်စီစာရွာ နဲ့ ဖားကန့်သွားတဲ့လမ်းပေါ် ရှိ KBC ဘုရားကျောင်း အရှေ့မှာ မိုင်းပေါက်ကွဲမှုဖြစ်ပြီး လူနှစ်ယောက် သေဆုံးခဲ့သလို ၊ လုံခင်းရွာ အထွက် Jade Love အနီးမှာလည်း မိုင်းပေါက်ကွဲမှုဖြစ်ကာ နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ နိုဝင်ဘာ ၉ ရက်ကလည်း မှော်စီစာကျေးရွာ မိန်းလမ်းမကြီးပေါ် မှာ ပေါက်ကွဲမှုဖြစ်ပြီး သားအမိနှစ်ယောက် မိုင်းစမှန်ပြီး သမီးဖြစ်သူ သေဆုံးကာ မိခင်ဖြစ်သူ ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ဖားကန့်ဒေသမှာ လူနေရပ်ကွက်ထဲကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခြင်း ၊ မိုင်းပေါက်ကွဲခြင်း ၊ မြေပြင် စစ်ရေးအခြေအနေ ရှုပ်ထွေးနေတာကြောင့် ညဘက် ပြုလုပ်တဲ့ ကျောက်ဝိုင်းတွေလည်း ရပ်ထားတယ်လို့ သိရပါတယ်။
" ညကလည်း ဝိုင်းမရှိဘူး ။ခုညလည်း ဝိုင်းနားတယ် ။ ခုရက်တွေ အပြင်မထွက်တာ အကောင်းဆုံးပဲ ။ အခြေအနေတွေက ရှုပ်နေတယ် ။ လက်နက်ကြီး ပစ်ခတ်သံ တွေကလည်း ကြားနေရတယ် ။ တခုခုဆို ဘယ်အဖွဲ့က လုပ်မှန်းကို မသိပါဘူး ။ " လို့ ဖားကန့်ဒေသခံ နောက်တယောက်က ပြောပါတယ်။
လက်ရှိ ဖားကန့် ဒေသမှာ အစိုးရတပ်တွေက အင်အားထပ်တိုးမြှင့်ချထားပြီး တဖက်မှာလည်း KIA ပူးပေါင်းတပ်တွေက ရှိနေကြောင်း ၊ မြေပြင် ပစ်ခတ်မှု အပြင် လက်နက်ကြီး ပစ်ခတ်မှု ၊ လေကြောင်း တိုက်ခိုက်မှုပါ ရှိလာတာလို့ ​ပြောပါတယ်။
ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပမယ့် ဒေသ​တွေထဲမှာ ဖားကန့်ဒေသလည်း ပါဝင်တာကြောင့် ရွေးကောက်ပွဲကာလ မတိုင်မီမှာ အစိုးရတပ်က ဖားကန့်ဒေသကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်အင်အား တိုးမြှင့်ပြီး အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

image