ယူကရိန်းတွင် စစ်သားစုဆောင်းရေး အခက်အခဲရှိနေ--ကီးယက်ဗ်မြို့တော်ဝန်

ယူကရိန်းနိုင်ငံသည် ဥရောပသို့ ထွက်ပြေးသူအရေအတွက် စံချိန်တင် များပြားလာခြင်းကြောင့် စစ်သားရှားပါးမှုနှင့် ရင်ဆိုင်နေရကြောင်း ကီးယက်ဗ် မြို့တော်ဝန် ဗီတာလီ ကလစ်ချ်ကိုက အင်တာဗျူးတစ်ခုတွင် သတိပေးပြောကြားခဲ့သည်။
"လူ့စွမ်းအားအရင်းအမြစ် ပြဿနာကကြီး‌နေတယ်။ စစ်သားစုဆောင်းဖို့ ကျွန်တော်တို့မှာ ကြီးမားတဲ့ပြဿနာရှိပါတယ်" ဟု ပေါ်လာတီကို၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အိတ်ဆဲ စပရင်ဂျာကမ္ဘာလုံးဆိုင်ရာ သတင်းထောက်များကွန်ရက်သို့ သူကပြောကြားခဲ့သည်။
ရုရှားတပ်ဖွဲ့များသည် ၎င်းတို့၏ တို-က်ခို-က်မှုများကို "ကွန်ပြူတာဂိမ်းတစ်ခုကဲ့သို့ပင် ကျဆုံးသွားသော စစ်သားများကို ဂရုမစိုက်ဘဲ ၎င်းတို့သည် ဆက်လက်ချီတက်လာနေသည် " ဟုပုံ ခိုင်းဖော်ပြကာ ရုရှားတပ်ဖွဲ့များသည် မဆုတ်မနစ် ချီတက်လာနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိစည်းမျဉ်းများအရ၊ ယူကရိန်းနိုင်ငံသားများကို အသက် ၂၅ နှစ်မှစတင်၍ စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။ ကလစ်ချ်ကိုက အဆိုပါ ဥပဒေကိုပြောင်းလဲသင့်သည်ဟု အကြံပြုခဲ့သည်။
“အရင်တုန်းက အသက် ၁၈ နှစ်အရွယ် ဆိုစစ်မှုထမ်းရတာပဲ။ ဒါပေမယ့်သူတို့က ကလေးတွေပဲ” ဟု ၎င်းက ဆိုသည်။ "အခုအချိန်မှာ အသက် ၂၅ နှစ်ပြည့်မှသာ စစ်မှုထမ်းခိုင်းလို့ရတယ်။ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက်အတွင်းမှာ အသက် ၂၃ ဒါမှမဟုတ် ၂၂ အထိ လျှော့ချနိုင်ပါတယ်" ဟု သူကဆိုသည်။
အဆိုပါ စကားများကြောင့် လူငယ်များ အစုအပြုံလိုက် ထွက်ပြေးကြမည်ကို စိုးရိမ်ရသည်။ ဩဂုတ်လတွင် ထုတ်ပြန်ခဲ့သည့် အစိုးရ၏ ဒီကရီအမိန့်အရ အသက် ၁၈ နှစ်မှ ၂၂ နှစ်ကြား အမျိုးသားများကို နိုင်ငံတွင်းမှ ထွက်ခွာခွင့်ပြုလိုက်ခြင်းကြောင့် အခြားသော အီးယူနိုင်ငံများတွင် ခိုလှုံသူများသိသိသာသာ တိုးလာသည်။

image