ကမ္ဘောဒီးယားနှင့် ထိုင်းကို ငြိမ်းချမ်းရေးသဘောတူညီချက် အကောင်အထည်ဖော်ရန် အမေရိက တိုက်တွန်း

ကမ္ဘောဒီးယားနယ်စပ်အနီးတွင် ထိုင်းစစ်သားများ မြေမြှုပ်မိုင်းနင်းမိသည့် ဖြစ်ရပ်နှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုက သတင်းအချက်အလက်များကို စုဆောင်းနေကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး အိမ်နီးချင်းနှစ်နိုင်ငံကို တည်ငြိမ်မှုကိုထိန်းသိမ်းရန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ‌‌ရှေ့‌မှောက်၌ လက်မှတ်ရေးထိုးထားသည့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။
ကင်းလှည့်နေစဉ်အတွင်း ထိုင်းစစ်သား သုံးဦး ထိခို-က်ဒ-ဏ်ရာရရှိသွားပြီးနောက် ကမ္ဘောဒီးယားနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်မှု ဆိုင်းငံ့ရန် ထိုင်းအစိုးရက ဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်အရာရှိ၏ ပြောကြားချက်သည် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုင်းအစိုးရက ကမ္ဘောဒီးယားသည် နှစ်နိုင်ငံအကြား အငြင်းပွားနယ်စပ်တစ်လျှောက်၌ မြေမြှုပ်မိုင်းများကို ထပ်မံ မြှုပ်နှံနေသည်ဟု စွပ်စွဲထားသည်။
သို့သော်လည်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ထိုင်း၏စွပ်စွဲချက်များကို ပယ်ချခဲ့ပြီး စစ်ပွဲအတွင်းက ကျန်ခဲ့သည့် မိုင်းဟောင်းများရှိသည့် နေရာများတွင် ကင်းလှည့်နေခြင်းကို ရှောင်ရှားရန် ထိုင်းဘက်ကို တိုက်တွန်းထားပြီး ကမ္ဘောဒီးယားနိုင်ငံသည် အောက်တိုဘာလတွင် ချုပ်ဆိုထားသည့် ငြိမ်းချမ်းရေး သဘောတူညီချက်နှင့်အညီ ထိုင်းနိုင်ငံနှင့် လက်တွဲလုပ်ဆောင်သွားရန် ကတိပြုထားသည်။
ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရာကွန် က ကမ္ဘောဒီးယားနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်မှုအားလုံးကို အကန့်အသတ်မရှိ ဆိုင်းငံ့ထားရန် ကာကွယ်ရေးဝန်ကြီးဌာနကို အင်္ဂါနေ့က ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးသည် ပြီးဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

image