4 ရက် - ဘာသာပြန်ပါ။

မြန်မာ့သိုင်းပညာရပ်များ ပြန့်ပွားရေးနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ပြန်လည်ဖော်ထုတ် ထိန်းသိမ်းတတ်စေရန် မြန်မာ့ရိုးရာသိုင်းပညာသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်

မြန်မာ့သိုင်းပညာရပ်များ ပြန့်ပွားရေးနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ပြန်လည်ဖော်ထုတ် ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ မြန်မာ့ရိုးရာသိုင်းပညာသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ဟိုတယ်များမှ လုံခြုံရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး မြန်မာ့ရိုးရာသိုင်းသင်တန်း ဆင်းပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်း ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ၌ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်)၏ ကူညီပံ့ပိုးမှုတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်များတွင် တာဝန်ထမ်းဆောင်နေကြသော လုံခြုံရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်သည်။
နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲများတွင်လည်း မြန်မာ့သိုင်းအားကစားသမားများအနေဖြင့် အားကစားအသွင်ဖြင့် ပါဝင်ယှဉ်ပြိုင်၍ မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ ဟိုတယ်များမှ လုံခြုံရေးဆိုင်ရာဝန်ဆောင်မှုပေးနေသော ဝန်ထမ်းများအား မြန်မာ့ရိုးရာသိုင်းသင်တန်း ဖွင့်လှစ်ပေးခဲ့ခြင်းသည် မြန်မာ့သိုင်းပညာရပ်များ ပြန့်ပွားရေးအတွက်သာမက မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ပြန်လည်ဖော်ထုတ် ထိန်းသိမ်းတတ်စေနိုင်မည်ဖြစ်ကြောင်း၊ ဟိုတယ်များအနေဖြင့် မိမိတို့ ဟိုတယ်များသို့ ဧည့်သည်များပိုမိုလာရောက်တည်းခိုကြရေးအတွက် ဆောင်ရွက်ကြရာတွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုများ ကောင်းမွန်နေရုံသာမက လုံခြုံရေးဆိုင်ရာ အစီအမံများ ကောင်းမွန်နေရေးမှာလည်း အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးကပြောသည်။
ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများ၊ ဘာသာစကားသင်တန်းများအပြင် ဘေးအန္တရာယ်အသိပညာပေးရေးဆိုင်ရာသင်တန်းများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
မြန်မာ့ရိုးရာသိုင်း သင်တန်းများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ညောင်ရွှေ စသည့်ခရီးစဉ်ဒေသများတွင်လည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

image