လောင်းကစားဂိုဏ်းချုပ်အား ထိုင်းက တရုတ်သို့လွှဲပေးမည်

သုံးနှစ်ကျော်ကြာ တရားရင်ဆိုင်မှုများအပြီးတွင် တရုတ်လောင်းကစားဂိုဏ်းချုပ်တစ်ဦးအား တရားခံလွှဲပြောင်းပေးရေးအမိန့်ဖြင့် ထိုင်းအယူခံတရားရုံးက ဆက်လက်အတည်ပြုမိန့်ချခဲ့ကြောင်း ထိုင်းအစိုးရရှေ့နေက တနင်္လာနေ့တွင် ထုတ်ပြန် ပြောကြားခဲ့သည်။
တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများ ဆောင်ရွက်နေသည်ဟူသော စွပ်စွဲချက်ဖြင့် ပေကျင်း၏ တောင်းဆိုချက်အရ အင်တာပိုလ်က အနီရောင်သတိပေးချက်နှင့် နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ခံထားရသော ကမ္ဘောဒီးယားပတ်စ်ပို့လည်း ကိုင်ဆောင်ထားသည့် အသက် ၄၃ နှစ်အရွယ် တရုတ်နိုင်ငံသား ရှီကျီကျန်းကို ၂၀၂၂ ခုနှစ်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
၂၀၂၄ ခုနှစ် မေလတွင် ထိုင်းရာဇဝတ်တရားရုံးတစ်ခုက တရားခံအား တရုတ်နိုင်ငံသို့ တရားခံလွှဲပြောင်းပေးရန် အမိန့်ချခဲ့သော်လည်း တရားရုံးအမိန့်သည် ဥပဒေကို ချိုးဖောက်သည်ဆိုကာ သူ၏ ရှေ့နေအဖွဲ့က စီရင်ချက်အပေါ် အယူခံဝင်ခဲ့သည်။ ပြီးခဲ့သည့်လတွင်မူ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက တရားခံလွှဲပြောင်းပေးရေးစီရင်ချက်သည် ဥပဒေနှင့်ညီညွတ်သည်ဟု ဆုံးဖြတ်ပေးခဲ့သည်။
တရားမဝင် ကာစီနိုလုပ်ငန်းများလုပ်ကိုင်မှုဖြင့် ရုံးတင်စစ်ဆေးရန် တရားခံအားတရုတ်နိုင်ငံသို့ လွှဲပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရရှေ့နေက ထုတ်ပြန်ပြောဆိုခဲ့ပြီး သူ့အပေါ် စွဲဆိုထားသော ပြစ်မှုများတွင် ဒေါ်လာ ၃၈၅ ဒဿမ ၆၅ ဘီလျံကျော် လည်ပတ်နေသော လောင်းကစားဝက်ဘ်ဆိုက် ၂၃၉ ခုကို တည်ထောင်လုပ်ကိုင်နေခြင်းလည်း ပါဝင်ကြောင်း ဆိုခဲ့သည်။
ထို့အပြင် တရားခံသည် မြန်မာနိုင်ငံရှိ ရွှေကုက္ကိုတွင် ကာစီနိုရုံနှစ်ခု ဖွင့်လှစ်လုပ်ကိုင်နေသည်ဟုလည်း စွပ်စွဲခံထားရကာ အွန်လိုင်းပလက်ဖောင်းအမျိုးမျိုးမှတဆင့် တရုတ်နိုင်ငံသားများကို လောင်းကစားလုပ်ငန်းများတွင် ပါဝင်ရန် ဆွဲဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံရှိ တရားခံအပေါ် စွဲဆိုထားသော အမှုသည် နိုင်ငံရေးထိုးနှက်ချက်ရှိပြီး ၂၀၁၁ ခုနှစ်မှစ၍ စွပ်စွဲထားသော ပြစ်မှုများအပေါ် အခြေခံထားကြောင်း ရှီက ပြောဆိုကာ အမှားအယွင်းတစ်စုံတရာမလုပ်ခဲ့ကြောင်း ငြင်းဆန်နေဆဲဖြစ်သည်ဟု သူ၏ ရှေ့နေ ဆန်ညာ အက်ဂျွန်ဒီးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

image