ဒေလီကား ဗုံးပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးနေ--ဒေလီရဲတပ်ဖွဲ့
အိန္ဒိယရဲတပ်ဖွဲ့သည် မြို့တော်ဒေလီတွင် ဖြစ်ပွားခဲ့သော လူအေ-သအပျောက်ရှိသော ကားဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး ဥပဒေအရ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အရာရှိ တစ်ဦးက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ မြို့တော်တွင် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ထိုသို့သော ဖြစ်ရပ်သည် ပထမဆုံးဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။ ဗုံးပေါက်ကွဲရသည့် အကြောင်းရင်းကို ဖော်ထုတ်ရန် မူခင်းပညာကျွမ်းကျင်သူများက အထောက်အထားများကို ရှာဖွေနေကြသည်။
ဥပဒေမဲ့လုပ်ရပ်များ(ကာကွယ်ရေး) ဆိုင်ရာ အက်ဥပဒေသည် အိန္ဒိယနိုင်ငံ၏ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး အဓိကဥပဒေတစ်ရပ်ဖြစ်သည်။ အဆိုပါဥပဒေကို အကြမ်းဖက်ဝါဒနှင့် ဆက်စပ်သော လုပ်ဆောင်ချက်များ၊ နိုင်ငံ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ခြိမ်းခြောက်သော လုပ်ရပ်များကို စုံစမ်းစစ်ဆေးကာ တရားစွဲဆိုရန် အသုံးပြုသည်။
အစောင့်အကြပ်ထူတပ်စွာချထားသောမြို့တော်ရှိ သမိုင်းဝင် ခံတပ်နီအနီးတွင် တနင်္လာနေ့ညနေပိုင်းက ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် လူ ရှစ်ဦးထက်မနည်း ေ-သဆုံးခဲ့ကာ ၂၀ ဦး ဒ-ဏ်ရာရခဲ့ပြီး ပြည်နယ် အချို့နှင့် အဓိကအဆောက်အအုံများတွင် သတိပေးတပ်လှန့်မှုကို မြှင့်တင်ခဲ့ရသည်။
အဆိုပါဖြစ်စဉ်ကို အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးဥပဒေအပြင် ပေါက်ကွဲစေတတ်သောပစ္စည်းများဆိုင်ရာဥပဒေနှင့် အခြား ရာဇဝတ်မှုဆိုင်ရာဥပဒေများအရ ဒေလီရဲတပ်ဖွဲ့က အမှုဖွင့်ဆောင်ရွက်ထားသည်ဟု ဒုတိယရဲမင်းကြီး ရာဂျာ ဘန်သီယာက ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးမှုသည် ကနဦးအဆင့်တွင်သာရှိသေးသောကြောင့် ယင်းအပေါ် မှတ်ချက်ပြုရန် အချိန်မတန်သေးကြောင်းလည်း ဘန်သီယာက သတင်းထောက်များကို ပြောကြားခဲ့သည်။