အဲဗာတန်-အာဆင်နယ်ပွဲစဉ်အား ရွှေ့ဆိုင်းလာတဲ့ ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ဟာ အာဆင်နယ်ဘက်က တောင်းဆိုလာမှုကြောင့် အဲဗာတန်နှင့် အာဆင်နယ်ပွဲစဉ်အား ရွှေ့ဆိုင်းပေးမှု ပြုလုပ်လာပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်ဟာ ခရစ္စမတ်မတိုင်မီ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲအဖြစ် အဲဗာတန်ကို အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရပါမယ်။
ယင်းနှစ်သင်းတို့ရဲ့ ပွဲကို အစောပိုင်းတုန်းက ဒီဇင်ဘာလ ၂၁ ရက်နေ့ တနင်္ဂနွေနေ့တွင် ကစားရန် စီစဉ်ထားတာပါ။
ဒါပေမယ့် အာဆင်နယ်က ယင်းပွဲအပြီးတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ခရစ္စတယ်ပဲလေ့စ်နှင့် ခါရာဘောင်ဖလားကွာတားဖိုင်နယ်ကစားရန် ရှိနေပါတယ်။
ဒါကြောင့်လည်း အာဆင်နယ်ဟာ ကစားသမားများ နားချိန် ပိုမို ရရှိလာစေရန်အတွက် အဲဗာတန်နှင့်ပွဲစဉ်အား ဒီဇင်ဘာလ ၂၀ ရက်နေ့ စနေနေ့သို့ ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှု ပြုလုပ်လာပါတယ်။
ယခုအခါ ပရီးမီးယားလိဂ်က အဲဗာတန်နှင့် အာဆင်နယ်ပွဲကို ဒီဇင်ဘာလ ၂၀ ရက်နေ့သို့ ရွှေ့ဆိုင်းပေးလာပါတယ်။ ယင်းပွဲကို စနေနေ့ ညနေ၈ နာရီမှာ ကစားလာမှာ ဖြစ်ပြီး Sky Sports က ယင်းနေ့တွင် ထုတ်လွှင့်မယ့် နောက်ဆုံးပွဲလည်း ဖြစ်လာမယ်။
တဖက်တွင် ခရစ္စတယ်ပဲလေ့စ်ကလည်း လိဒ်နှင့် ကစားရမယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့ပွဲအား ဒီဇင်ဘာလ ၂၀ ရက်နေ့သို့ ရွှေ့ဆိုင်းပေးရန် တောင်းဆိုလာခဲ့ရာ ပရီးမီးယားလိဂ်ဘက်က လက်ခံလာပါတယ်။ ယင်းပွဲကို ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၈ နာရီအချိန်တွင်ပင် ကစားလာပါမယ်။
အဲဗာတန်နှင့် လိဒ်တို့ကလည်း ပြိုင်ဘက်ကလပ်တို့ရဲ့ ရက်ပြောင်းရွှေ့ကစားပေရန် တောင်းဆိုမှုကို လက်ခံခဲ့ကြပါတယ်။
ယခုကဲ့သို့ အဲဗာတန်နှင့် အာဆင်နယ်ပွဲ၊ ပဲလေ့စ်နှင့်လိဒ်ပွဲစဉ်တို့အား ရွှေ့ဆိုင်းလာမှုနှင့်အတူ ဒီဇင်ဘာလ ၂၁ ရက်နေ့ တနင်္ဂနွေနေ့တွင် အက်စတွန်ဗီလာနှင့် ယူနိုက်တက်ပွဲတစ်ပွဲတည်းသာ ကစားလာပါမယ်။
အာဆင်နယ်ဟာ ပွဲတော်ရက်ကာလအတွင်း ဘရိုက်တန်၊ ဗီလာ၊ ဘုန်းမောက်တို့နှင့်လည်း ရင်ဆိုင်ရမှာ ဖြစ်ပြီး ၁၃ ရက်အတွင်း ၅ ပွဲကစားရပါမယ်။

image