ဆိပ်ဖြူက တံတားအင်ဂျင်နီယာတယောက် လက်နက်ကိုင်အဖွဲ့ ဖမ်းခံရပြီး ငါးရက်ကြာတဲ့အထိ အဆက်အသွယ် ပြတ်နေ
မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၅)မှ အငယ်တန်း အင်ဂျင်နီယာ တယောက် ကျောက်ပန်းတောင်း မြို့နယ်ဘက်မှာ လက်နက်ကိုင်အဖွဲ့ တခုရဲ့ ဖမ်းဆီးခြင်း ခံရပြီးနောက် ငါးရက်ကြာတဲ့အထိ အဆက်အသွယ် ပြတ်နေတယ် လို့သိရပါတယ်။
" ဘယ်အဖွဲ့က ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး ။ ရဲတပ်ဖွဲ့ နဲ့ တပ် ဘက်ကတော့ လိုက် စုံစမ်း ရှာနေပါတယ် ။ ခုထိတော့ အဆက်အသွယ်မရသေးဘူး သိရတယ် ။ " လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ ကပြောပါတယ်။
ဖမ်းဆီးခံရသူကတော့ အငယ်တန်းအင်ဂျင်နီယာ ၁ (မြို့ပြ) ဦးဇော်လင်း ဆိုသူ ဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့က တောင်သာမြို့နယ် ဝဲလောင်ရွာကို သွားရောက်ချိန် ကျောက်ပန်းတောင်းမြို့နယ်ထဲမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ် ။
" ဝဲလောင်မှာ သူ့မိဘတွေရှိတယ် ။ အဲဒီကို သွားတာမှာ လမ်းမှာ အဖမ်းခံလိုက်ရတာ လို့သိရတယ်။ သူသွားမှာကို ကြိုသိလို့ သတင်းပေးလို့ ဖမ်းခံရတာ မျိုးလို့ ထင်မိတယ်။ ဘယ်လိုကြောင့် ဖမ်းလဲတော့ ကျွန်တော်တို့ လည်းသေချာမသိဘူး ။ ဝန်ထမ်းတွေ ခရီးသွားရမှာ တောင်မလုံခြုံတော့ဘူး ။ " လို့ ဆိပ်ဖြူက အစိုးရဝန်ထမ်းတယောက် ကပြောပါတယ်။
နိုဝင်ဘာလ ၅ ရက်နေ့ကလည်း မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာက မိသားစုလိုက်ဖြစ်တဲ့ ဦးအောင်ခင်ညွန့်နဲ့ ဇနီးဖြစ်သူ ဒေါ်ဇင်မို့မို့ထွန်း၊ သားဖြစ်သူ မောင်မြတ်ဘုန်းခန့်(၁၂ နှစ်)၊ ဦးဇော်ဝင်းမောင်နဲ့ ဇနီးဖြစ်သူ ဒေါ်သန်းသန်းမူ၊ ဦးခင်မောင်အေး နဲ့ညီမဖြစ်သူဒေါ်နှင်းရီ၊ ဒေါ်ခင်ပို တို့ ရှစ် ယောက်ကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခံရပြီး ပြန်မလွတ်လာသေးဘူး လို့သိရပါတယ်။
မကွေးတိုင်း၊ စလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အဖွဲ့ဝင် ဦးသက်ဝေထွန်းဆိုသူလည်း အောက်တိုဘာ ၃၁ ရက်နေ့က စလင်းမြို့နယ်ကနေ ဆင်ဖြူကျွန်းမြို့ကို ဆိုင်ကယ် နဲ့ တယောက်တည်း သွားစဥ် လက်နက်ကိုင်အဖွဲ့တခုရဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ထွေအုပ် ရုံးအကူဝန်ထမ်း ဖြစ်တဲ့ ကိုအောင်ဇော်မိုးဆိုသူလည်း ရွှေဘိုတက္ကသိုလ်မှာ အဝေးသင်တက်ရောက်ဖို့သွားစဉ် မုံရွာမြို့အနီးမှာ လက်နက်ကိုင်အဖွဲ့တခုရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရမှု ရှိထားတယ်လို့ သိရပါတယ်။
အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ တာဝန်ကျနေတဲ့ ရဲတပ်သား စိုင်းခွန်ကျော်ရဲ့ဇနီးဖြစ်သူ ဒေါ်အေးအေးခိုင် နဲ့ သားဖြစ်သူ အသက် ၁၀ နှစ်အရွယ် မောင်စိုင်းကိုကို၊ သမီးဖြစ်သူ အသက်ကိုးလအရွယ် မနန်းရွှေပိုးဖြူသန့် တို့ကိုလည်း မလှိုင်မြို့မဈေးမှာ ဈေးဝယ်နေစဉ် လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးမှု ဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။