ဧရာဝတီတိုင်းထဲက စစ်ဘေးရှောင်တွေ အရေးပေါ် အကူအညီလိုအပ်နေ
ဧရာဝတီတိုင်းထဲက စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာတွေနဲ့ ဆောင်းကာလအသုံးအဆောင်တွေအရေးပေါ် အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ အဖွဲ့အစည်းတွေဆီကသိရပါတယ်။
''တချို့စစ်ရှောင်တွေက မြို့ပေါ်ကမိသားစုတွေဆီမှာနေတယ်။ တချို့စစ်ရှောင်တွေကတော့ သူ့တို့အစီအစဉ်နဲ့သူတို့ တောတောင်တွေထဲမှာနေတယ်။တချို့ကလည်းဘုန်းကြီးကျောင်းတွေမှာနေတယ်။ အခုအကူအညီလိုအပ်နေတာက
တောတောင်တွေထဲမှာနေတဲ့ စစ်ရှောင်တွေနဲ့ဘုန်းကြီး ကျောင်းတွေမှာနေတဲ့စစ်ရှောင်တွေပါ။စားစရာအပြင် ဆောင်းတွင်းဝတ် အဝတ်အထည်တွေပါ လိုအပ်နေတာ။ စစ်ရှောင်နေရတဲ့ ကာလလည်း ကြာလာတာနဲ့ လှူတန်းတဲ့သူ မရှိတော့စစ်ဘေးရှောင်တွေတော်တော် ခက်ခဲနေတာ" 'လို့ စစ်ရှောင်အရေး ကူညီပေးနေသူကပြောပါတယ်။
အဲ့ဒီ စစ်ဘေးရှောင်တွေဟာ ရခိုင်ပြည်နယ် ၊ သံတွဲ ၊ အမ်းနဲ့ ဂွမြို့နယ်တွေကထွက်ပြေးလာကြတဲ့စစ်ဘေးရှောင်တွေအပြင် ဧရာဝတီတိုင်းထဲက လေးမျက်နှာ ၊ ရေကြည် ၊ ကျုံပျော် ၊ အင်္ဂပူ ၊ ငါးသိုင်းချောင်း ၊ သာပေါင်းစတဲ့ ဒေသ တွေကတိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့သူတွေဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ သောင်းဂဏန်းအထိရှိတယ်လို့ သိရပါတယ်။
''လက်ရှိ အချိန်အထိတိုက်ပွဲရှိနေတော့ စစ်ရှောင်တွေက ထပ်ထပ်တိုးလာနေတာ။ လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်က စစ်ရှောင်တွေဆိုကွင်းကောက်မြို့ဘက်မှာလာရှောင်နေတယ်။ တချို့တွေက လေးမျက်နှာမြို့နယ်၊ ကွင်းကြီးအုပ်စု၊ လဲခုံကြီးကျေးရွာချောင်းဘေး သဲခုံမှာသူတို့အစီအစဉ်နဲ့ သူတို့တဲထိုးနေကြတယ်။ အဓိက စားသောက်စရာတွေလိုနေတာ''လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲ့ဒီစစ်ရှောင်တွေဟာ ၂၀၂၅ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလကတည်းက စစ်ဘေးရှောင်နေရတဲ့သူတွေပါသလို လတ်တလော တိုက်ပွဲတွေကြောင့်ထွက်ပြေးလာသူတွေ လည်းပါပြီး ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေလည်းပါတယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ် စက်တင်ဘာလနဲ့ အောက်တိုဘာလ အတွင်း ထပ်တိုးစစ်ရှောင်တွေထဲမှာ ဘယ်အဖွဲ့ကထောင်ထားမှန်းမသိတဲ့ မိုင်းထိ ဒဏ်ရာရရှိထားသူတွေ ၊လက် နက်ကြီး ကျည်ထိမှန်ထားသူတွေနဲ့လေကြောင်းတိုက် ခိုက်မှုကြောင့် ဒဏ်ရာရရှိထားသူတွေလည်းရှိတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းထဲမှာ လတ်တလောအနေနဲ့ လေးမျက်နှာမြို့နယ် အစပ်က စက်စက်ယိုရွာနဲ့ နဂါးရစ်တောင်အကြား မှာရှိတဲ့ တိုက်ပွဲဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုဖြစ် ပွားခဲ့တာကြောင့်လူသေဆုံး၊ ထိခိုက်မှုတွေဖြစ်တဲ့အခြေ အနေအထိရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒါ့အပြင် အင်္ဂပူနဲ့ သာပေါင်း ရခိုင်ရိုးမအစပ်က ကျေး ရွာတွေမှာ စစ်ကြောင်းထိုးနေတဲ့ အစိုးရတပ်နဲ့ ဒေသတွေ လက်နက်ကိုင်အဖွဲ့တွေ မကြာခဏတိုက်ပွဲဖြစ်ပွားတာတွေ ရှိတယ်လို့ အခြေအနေကို သိရှိတဲ့ ဒေသခံတွေဆီက သိရပါတယ်။
အစိုးရတပ်အနေနဲ့ ရေကြည်မြို့နယ်ထဲက ရေနံ့သာဂိတ် ကနေ ဆန်၊ စက်သုံးဆီ၊ ဆေးဝါးနဲ့ လျှပ်စစ်ပစ္စည်းတွေ အပါအဝင် ကုန်နဲ့လူအဝင်အထွက်ကိုကန့်သတ် စစ်ဆေးနေသလို လုံခြုံရေးအတွက် ငါးသိုင်းချောင်း အမြောက်တပ် အမတ - ၃၄၄ နဲ့ ကုန်းပြင်တိုက်နယ်ကျေးရွာအုပ်စုတွေ ဘက်မှာလည်း မြို့အတွင်း အဝင်အထွက်ကိုတားဆီး စစ်ဆေးနေပြီ မသင်္ကာဖွယ်တွေ့ရှိပါက ဝင်ထွက်ခွင့်ပိတ်ပင်တာတွေ တင်းတင်းကျပ်ကျပ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။