ရွေးကောက်ပွဲသည် ပြည်သူ့ကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်သော အမြန်ဆုံးယန္တရားတစ်ခုဖြစ်

ရွေးကောက်ပွဲသည် ပြည်သူ့ကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်သော အမြန်ဆုံးယန္တရားတစ်ခုဖြစ်သည်ဟု ယနေ့ နိုဝင်ဘာ ၁၀ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
"ရွေးကောက်ပွဲဆိုတာ ပြည်သူ့အသံကိုနားထောင်ပြီး ပြည်သူ့ကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့ အမြန်ဆုံးသော ယန္တရားတစ်ခုဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးသူများလေလေ ရွေးကောက်ခံကိုယ်စားလှယ်တစ်ယောက်ဟာ တာဝန်ရှိလေလေဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
မိမိဖြစ်ချင်သည်များ၊ မိမိအတွက်လိုအပ်သည်များမှအစပြု၍ မိမိပတ်ဝန်းကျင်၊ မိမိမြို့၊ မိမိရွာ၊ မိမိဒေသတိုးတက်ဖွံ့ဖြိုးရေး၊ ကောင်းကျိုးလိုရာဆန္ဒများ၊ ဖြစ်သင့်ဖြစ်ထိုက်သော ဆန္ဒများကို မိမိရွေးချယ်သည့် ကိုယ်လှယ်မှတစ်ဆင့် အစိုးရထံတောင်းဆိုခွင့်ရရှိမည်ဖြစ်ရာ ယင်း အခွင့်အရေးကိုအားလုံးမှလက်လွှတ်မခံကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
"ဖျက်ဆီးခံထားရတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျွန်တော်တို့က နည်းစနစ်တကျပြန်လည်တည်ဆောက်ပေးနေတာပါ။ ကျွန်တော်တို့ကျင့်သုံးတဲ့ ဒီမိုကရေစီစနစ်အရ မိမိကိုယ်စားဆောင်ရွက်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူလူထုက ရွေးကောက်တင် မြှောက်ပေးရတာဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ပြည်သူများလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်အား ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ နှင့်အညီ အကောင်အထည်ဖော်ဆောင် ရွက်နေခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။

image