မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အားလုံးကအသိအမှတ်ပြုပြီးဖြစ်
မြန်မာနိုင်ငံ၏ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အားလုံးကအသိအမှတ်ပြုပြီးဖြစ်သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ နိုဝင်ဘာ ၁၀ ရက်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရွေးကောက်ပွဲအပေါ် ကွဲပြားခြားနားသည့် နိုင်ငံတကာတုံ့ပြန်မှုများရှိသော်လည်း မိတ်ဖက်နိုင်ငံများ၏ထောက်ခံမှုများကို အခိုင်အမာရရှိထားပြီးဖြစ်ကာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကိုလည်း အားလုံးက အသိအမှတ်ပြုပြီးဖြစ်၍ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို လိပ်ပြာလုံစွာဆောင်ရွက်ထားသဖြင့် မိတ်ဖက်နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အခြားနိုင်ငံများ၊ ပြည်တွင်း/ပြည်ပ နိုင်ငံတကာမီဒီယာများအား ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို လာရောက်ကြည့်ရှုလေ့လာရန် ဖိတ်ခေါ်ထားပြီးဖြစ်သည်ဟု ပြောသည်။
" မဲမသမာမှုတွေမရှိစေဖို့ ခေတ်မီနည်းပညာသုံး MEVM စက်တွေကို အသုံးပြုထားတာကြောင့် ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ လွှတ်တော်ဟာ ဂုဏ်သိက္ခာရှိတဲ့ လွှတ် တော်တစ်ရပ်ဖြစ်ကြောင်း ကမ္ဘာကိုချပြနိုင်မှာဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် ကျင်းပမည့် ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ (၅၇)ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၉၅)ဦး(စုစုပေါင်းကိုယ်စားလှယ်လောင်း ၅,၀၀၀) ကျော်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍ ရွေးကောက်ပွဲတွင် တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ လွှတ်တော်တွင် ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာစေရန် ပြည်သူ့လွှတ်တော်အား FPTP၊ အမျိုးသားလွှတ်တော်နှင့် တိုင်း/ပြည်နယ်လွှတ်တော်ကို ရောနှောထားသည့် ကိုယ်စားလှယ်အချိုးကျစနစ်(MMP)တို့ဖြင့် အသုံးပြုသွားမည်ဟု ပြောသည်။
စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာပြီး ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရန် ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်းကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးမှ ပူးပေါင်းပါဝင်၍ဆန္ဒမဲပေးကြရန်လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်တွန်းပြောကြားခဲ့သည်။