ပြည်ပပို့ကုန် မြင့်တက်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ကုန်သွယ်ရေးလိုငွေပြမှုကို နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရမည်
သီလဝါအထူးစီးပွားရေးဇုန်တွင် ပြည်ပပို့ကုန်တိုးမြှင့်တင်ပိုနိုင်ရေးနှင့် ပြည်ပပို့ကုန် မြင့်တက်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ ကုန်သွယ်ရေးလိုငွေပြမှုကို နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ကပြောသည်။
နိုဝင်ဘာ ၁၀ ရက်က ကျင်းပသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ဒုတိယအကြိမ်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုပြင် MSMEs ကဏ္ဍဖွံဖြိုးတိုးတက်ရန်အတွက် ပြည်တွင်းရှိ MSMEs လုပ်ငန်းများနှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ထားဝယ်အထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံမည့်သူများအား မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန်လည်း ဒေါက်တာကံဇော်က ပြောကြားခဲ့သည်။
အဆိုပါ အစည်းဝေးတွင် ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဗဟိုလုပ်ငန်းအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။