မနေ့ညက နူးကမ့်ကွင်းထဲ သွားရောက်လည်ပတ်ခဲ့ကြောင်း Instagram မှာ မက်ဆီ ဖွင့်ဟ
အင်တာမိုင်ယာမီအသင်းရဲ့ တိုက်စစ်မှူး မက်ဆီက အသင်းဟောင်း ဘာစီလိုနာရဲ့ နူးကမ့်ကွင်းအတွင်း သွားရောက်လည်ပတ်ခဲ့တယ်လို့ Instagram မှာ ဖွင့်ဟခဲ့ပါတယ်။
မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ အထင်ပေါ်အကျော်ကြားဆုံးနဲ့ အအောင်မြင်ဆုံး ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၁ နွေရာသီမှာမှ PSG အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။
အဲဒီနောက် ၂၀၂၃ နွေရာသီမှာ လက်ရှိကလပ် အင်တာမိုင်ယာမီအသင်းကို ရောက်ရှိခဲ့တာဖြစ်ပြီး မနေ့ညက နူးကမ့်ကွင်းကို ၂၀၂၁ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရောက်ရှိခြင်းဖြစ်ကြောင်း သိရပါတယ်။
မက်ဆီက နူးကမ့်ကွင်းအတွင်း အလည်အပတ်ပြန်ရောက်ခဲ့ကြောင်း ပရိသတ်တွေကို အသိပေးခဲ့ရာမှာ ''မနေ့ညက ကျွန်တော့်နှလုံးသားက လွမ်းဆွတ်နေတဲ့နေရာတစ်ခုကို ပြန်ရောက်ခဲ့ပါတယ်။ ကျွန်တော် အရမ်းပျော်ရွှင်ခဲ့ရတဲ့ နေရာတစ်ခု၊ ကမ္ဘာ့အပျော်ရွှင်ဆုံးလူသားအဖြစ် အကြိမ်တစ်ထောင်လောက် ခံစားရအောင် ခင်ဗျားတို့ လုပ်ပေးခဲ့တဲ့ နေရာတစ်ခုပါ။ ဒီနေရာကို တစ်နေ့ ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ နှုတ်ဆက်စကားပြောဖို့တင် မဟုတ်ပါဘူး'' လို့ မက်ဆီက ရေးသားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ နူးကမ့်ကွင်းသစ်ကို တည်ဆောက်မှုပြုလုပ်နေဆဲဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ ဖွင့်ပွဲအခမ်းအနားပြုလုပ်ဖို့ ရည်မှန်းထားသလို၊ မက်ဆီကို နှုတ်ဆက်ပွဲပြုလုပ်ပေးဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။
ဒါပေမဲ့ မက်ဆီက နှုတ်ဆက်ရုံတင်မဟုတ်ဘဲ ပြန်လာချင်တယ်လို့ ပြောကြားခဲ့တာကြောင့် စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။