2 ရက် - ဘာသာပြန်ပါ။

ပရီးမီးယားလိဂ်ချန်ပီယံတိုက်ပွဲတွင် AI ရဲ့ အကူအညီ ရယူနေကြောင်း အာတီတာဖွင့်ဟလာ
====================

မီခေးလ်အာတီတာက အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ဖလားတိုက်ပွဲဝင်ရာတွင် Artificial Intelligence (AI) ရဲ့ အကူအညီ ရယူနေကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။
အာဆင်နယ်ဟာ ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဖလားဆွတ်ခူးရေး တိုက်ပွဲဝင်နေပြီး နည်းပြအာတီတာမှာလည်း လိုအပ်တဲ့ အထောက်အပံ့အကူအညီအားလုံး ရယူနေပါတယ်။
အသင်းရဲ့ ခြေစွမ်းနှင့် ပိုကောင်းအောင် လုပ်ရမယ့် ဧရိယာကို AI အသုံးပြကာ ဆန်းစစ်လေ့လာသလားလို့ မေးမြန်းလာချိန်မှာတော့ အာတီတာက "ဒီအရာက မှန်မှန်ကန်ကန် သုံးတတ်ရင် စူပါပါဝါရှိတဲ့အရာပါ။ မှန်ကန်တဲ့ မေးခွန်းမေးဖို့ လိုတယ်။ အရာအများကြီးအတွက် အသုံးပြုနိုင်တယ်။ အသင်းတစ်ခုတည်းအတွက်သာ မဟုတ်ဘူး၊ အဖွဲ့အစည်းအတွက်လည်း အလုပ်ဖြစ်တယ်။ ဒါက ပိုကောင်းလာစေတယ်။ ကျွ်နတော်တို့ အမြင် ပိုကောင်းလာစေတယ်။ မတွေးတဲ့အရာတွေ တွေးမိစေတယ်။ ကျွန်တော်က အရမ်းကျွမ်းတဲ့သူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါက တန်ဖိုးရှိတဲ့အရာပါ"လို့ ပြောကြားသွားပါတယ်။
လက်ရှိအချိန်တွင် NWSL ကလပ် Seattle Reign ကို ကိုင်တွယ်နေတဲ့ အာဆင်နယ်အမျိုးသမီးအသင်းနည်းပြဟောင်းလူရာဟာဗေးက Soccerish Podcast အစီအစဉ်တွင် ChatGTP မှာ သူမရဲ့ နည်းဗျူဟာပိုင်း ချမှတ်မှုများတွင် များစွာ လွှမ်းမိုးမှုများ ရှိနေကြောင်း ဖွင့်ဟထားပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဆန်းဒါးလန်းနှင့် သရေကျခဲ့ပေမယ့်လည်း ရမှတ် ၄ မှတ်ဖြတ်ကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ထားဆဲ ဖြစ်ပါတယ်။
၎င်းတို့ဟာ နိုင်ငံတကာပွဲစဉ်များအပြီး နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မြောက်လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ခါးသီးတဲ့ ပြိုင်ဘက် စပါးစ်နှင့် ရင်ဆိုင်ကစားရပါမယ်။ ယင်းပွဲအပြီးတွင် အာဆင်နယ်ဟာ ချန်ပီယံလိဂ်တွင် ဟယ်ရီကိန်းရဲ့ ဘိုင်ယန်မြူးနစ်နှင့် ဆက်လက် ရင်ဆိုင်ရပါမယ်။

image