ယူနိုက်တက်တိုက်စစ်မှူးဆက်စ်ကိုရဲ့ ဒဏ်ရာ ပြင်းထန်ခြင်း မရှိ
=======================

ယူနိုက်တက်တိုက်စစ်မှူးဘင်ဂျာမင်ဆက်စ်ကိုဟာ ဆလိုဗေးနီးယားရဲ့ အရေးပါတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲများကို လွဲချော်လာပါမယ်။ ဒါပေမယ့် ယူနိုက်တက်က တနင်္ဂနွေနေ့တုန်းက စပါးစ်နှင့် နှစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှ ဘင်ဂျာမင်ဆက်စ်ကိုရဲ့ ဒဏ်ရာမှာ ပြင်းထန်မှု မရှိကြောင်း ဆိုလာပါတယ်။
ဒါ့အပြင် ယူနိုက်တက်က အန်ဂိုလာနှင့် ခြေစမ်းပွဲအတွက် အာဂျင်တီးနားအသင်းနှင့် ပူးပေါင်းလာတဲ့ လီဆန်ဒရိုမာတီနက်ဇ်မှာလည်း ယင်းပွဲတွင် ပါဝင်ကစားလာမှာ မဟုတ်ကြောင်းလည်း ဆိုသွားပါတယ်။
ဆက်စ်ကိုဟာ စပါးစ်နှင့်ပွဲစဉ်တွင် လူစားဝင်ရောက်လာပြီးနောက် မိနစ် ၃၀ ကစားပြီးချိန်တွင် မစ်ကိုဗန်ဒီဗန်ရဲ့ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ပါတယ်။
ပေါင် ၇၃.၇ သန်းတန် တိုက်စစ်မှူးဟာ ကွင်းအတွင်းမှ ဂျိုင်းထောက်အကူမပါဘဲ ထွက်ခွာနိုင်ခဲ့တယ်ဆိုပေမယ့် သက်တောင့်သက်သာ ထွက်ခွာနိုင်ခဲ့တာ မဟုတ်ပါဘူး။
ပွဲအပြီးတွင် ယူနိုက်တက်နည်းပြရူဘင်အမိုရမ်က ဆက်စ်ကိုမှာ ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ရာ ဒဏ်ရာကို ခန့်မှန်းရန် ခက်ခဲကြောင်း ပြောကြားသွားပါတယ်။
ဆက်စ်ကို ဒဏ်ရာရရှိလာမှုနှင့်အတူ ယူနိုက်တက်ဟာ ဒီဇင်ဘာလနှောင်းပိုင်းတွင် တိုက်စစ်သမားများဖြစ်ကြတဲ့ ဘရိုင်ယန်အမ်ဘူမို၊ အာမက်ဒီရယ်လိုနှင့် နူဆာမာ့ဇ်ရာဝီတို့ကိုလည်း အာဖရိကဖလားပြိုင်ပွဲအတွက် စေလွှတ်ရမည်ဖြစ်ရာ စိုးရိမ်စရာ ဖြစ်လာပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဟာ ဆက်စ်ကိုရဲ့ ဒဏ်ရာကို စစ်ဆေးမှု အပြည့်အစုံ ပြုလုပ်ပြီးနောက် ဒဏ်ရာမှာ ပြင်းထန်မှု မရှိကြောင်း ဆိုလာပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ ဆက်စ်ကိုမှာ ဘယ်လောက် အနားယူရမယ်ဆိုတာ အတိအကျ ပြောဆိုသွားခဲ့ခြင်း မရှိပါဘူး။
ဆက်စ်ကိုဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်မျှော်လင့်ချက်အတွက် ကစားရမယ့် ကိုဆိုဗို၊ ဆွီဒင်တို့နှင့်ပွဲစဉ်များကို လွဲချော်လာပါမယ်။
တဖက်တွင် ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူလာခဲ့ရတဲ့ မာတီနက်ဇ်မှာလည်း လေ့ကျင့်ခန်းဆင်းလာနိုင်မှုနှင့်အတူ ယူနိုက်တက်အတွက် ပြန်ကစားရန် နီးစပ်နေပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ နိုင်ငံတကာပွဲကြောင့် လိဂ်နားစဉ်အတွင်း မာတီနက်ဇ်ကို အာဂျင်တီးနားအသင်းနှင့် ပူးပေါင်းစေကာ လေ့ကျင့်ခန်းဆင်းစေမှုကြောင့် အကျိုးကျေးဇူးရရှိလာမယ်လို့ ယုံကြည်မှုနှင့်အတူ လက်ရွေးစင်အသင်းနှင့် ပူးပေါင်းစေခဲပါတယ်။

image