ဗန်ဒိုက်ရဲ့ ဂိုးအား ခွင့်မပြုခဲ့မှုအတွက် ဒိုင်အဖွဲ့ချုပ်ကို ဆက်သွယ်မေးမြန်းလာတဲ့ လီဗာပူး
====================

လီဗာပူးဟာ တနင်္ဂနွေနေ့တုန်းက မန်စီးတီးအား ၃-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်မှ ဗာဂယ်ဗန်ဒိုက်ရဲ့ ဂိုးကို ခွင့်မပြုမှု ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး Professional Game Match Officials Limited အား ဆက်သွယ်ကာ ဖြေရှင်းချက်တောင်းဆိုလာပါတယ်။
မန်စီးတီးတို့ ၁-၀ ဂိုးဖြင့် ဦးဆောင်နေချိန်တွင် ဗာဂယ်ဗန်ဒိုက်က ထောင့်ကန်ဘောမှ တဆင့် ခေါင်းတိုက်ချေပဂိုး သွင်းယူခဲ့ပါတယ်။
ဒါပေမယ့် စည်းကြပ်ဒိုင်က ဘောလုံးလမ်းကြောင်းပေါ်တွင် ရှိနေတဲ့ အင်ဒီရောဘတ်ဆင်မှာ လူကျွံနေမှ မန်စီးတီးဂိုးသမားဒွန်နာရမ်မာကို နှောင့်ယှက်တယ်ဆိုပြီး အလံထောင်ထားခဲ့ပါတယ်။
ယင်းကို VAR က စစ်ဆေးမှု ပြုလုပ်ပြီးနောက် ဂိုးအဖြစ် ခွင့်မပြုခဲ့ပါဘူး။ ဒါ့အပြင် အင်ဒီရောဘတ်ဆင်ဟာ ဂိုးဝင်သွားစေရန်အတွက် ခေါင်းငုံ့ရှောင်မှုလည်း ပြုလုပ်ခဲ့ပါသေးတယ်။
ဒါပေမယ့် လီဗာပူးက ယင်းကို လက်ခံခြင်း မရှိပါဘူး။
ယခုအခါ လီဗာပူးဟာ ပွဲချိန် ၃၈ မိနစ် ဗန်ဒိုက် ဂိုးသွင်းယူမှုအား ရုထောင့်မျိုးစုံမှ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းများကို စုစည်းကာ တင်ပြလာပါတယ်။
ဒါ့အပြင် လီဗာပူးက ယင်းပွဲတွင် VAR ဒိုင်လူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မိုက်ကယ်အိုလီဗာက မည်သည့်အချက်ကြောင့် ဂိုးအဖြစ် ခွင့်မပြုခဲ့သလဲဆိုတာကိုလည်း ဖြေရှင်းချက်တောင်းဆိုသွားပါတယ်။

image