ပွဲအတွင်း တိုက်စစ်မှူးလုပ်ခ်မန်းနှင့် ပြဿနာတက်ပြီး ရက်အနည်းငယ်အကြာတွင် အတ္တလန္တာနည်းပြရာထူးမှ ဂျူရစ် ထုတ်ပယ်ခြင်းခံလာရ
=====================
အတ္တလန္တာဟာ စီးရီးအေအမှတ်ပေးဇယားအလယ်ပိုင်းတွင် ရုန်းကန်နေရတဲ့အပြင် ဥရောပတွင်လည်း စိတ်ပျက်စရာ ကြုံတွေ့နေရပြီးနောက် နည်းပြအိုင်ဗန်ဂျူရစ်ကို ထုတ်ပယ်လာပါတယ်။
ခရိုအေးရှားလူမျိုးနည်းပြဟာ ဇွန်လတုန်းက ရိုးမားကို ကိုင်တွယ်ရန် ထွက်ခွာသွားတဲ့ ဂက်စ်ပါရီနီရဲ့နေရာတွင် အစားထိုးခန့်အပ်ခြင်းခံခဲ့ရသူ ဖြစ်ပြီး စီးရီးအေပွဲ ၁၁ ပွဲတွင် ၂ ပွဲတည်းသာ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ထုတ်ပယ်ခြင်းခံလာရပြီ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့အပတ်တုန်းက အိမ်ကွင်းတွင် ဆက်စ်ဆူလိုကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ချိန်မှာတော့ ထုတ်ပယ်ခြင်းခံလာရပြီ ဖြစ်ပါတယ်။ ယင်းရှုံးပွဲကြောင့် အတ္တလန္တာဟာ စီးရီးအေ ၈ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၁၃ နေရာတွင် ရပ်တည်နေရပါတယ်။
ဂျူရစ်လက်ထက်တွင် ယခင်တုန်းက တိုက်စစ်အားကောင်းတဲ့ အတ္တလန္တာမှာ နည်းဗျူဟာပိုင်း ရှုပ်ထွေးပြီး တိုက်စစ်ပိုင်း အားရစရာ မရှိခဲ့ပါတယ်။
ဆောက်သမ်တန်နည်းပြဟောင်းဟာ အတ္တလန္တာကို ၅ လတည်းသာ ကိုင်တွယ်ခွင့် ရရှိခဲ့ကာ မော်ဒန်ခေတ်တွင် အတ္တလန္တာရဲ့ သက်တမ်းအတိုးဆုံးနည်းပြအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။
ဂျူရစ်ဟာ ထုတ်ပယ်ခြင်းမခံရမီ ပြီးခဲ့တဲ့အပတ် ကြားရက်တုန်းက မာဆေးနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် လူစားလဲလှယ်ခြင်းခံရမှုအပေါ် စိတ်ပျက်နေတဲ့ တိုက်စစ်သမားအဒီမိုလာလုပ်ခ်မန်းနှင့် ကွင်းအတွင်း အချင်းများခဲ့သူလည်း ဖြစ်ပါတယ်။
ဂျူရစ်ဟာ လုပ်ခ်မန်းရဲ့ လက်ကို ဆွဲညှစ်ခဲ့ပြီး နည်းပြအဖွဲဝင်များ ဝင်ရောက်တားဆီးခဲ့ရပါတယ်။
ဂျူရစ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဆောက်သမ်တန်ကို လေးလကျော်ကိုင်တွယ်စဉ်တုန်းကလည်း ရလဒ်မကောင်းမှုကြောင့် နုတ်ထွက်ခဲ့ရပါတယ်။