ကာကွယ်ဆေးထိုးထားခြင်း မရှိမှုကြောင့် အန်ဂိုလာပြည်ဝင်ခွင့်မရဘဲ အာဂျင်တီးနားအသင်းမှ နုတ်ထွက်လာရတဲ့ ကစားသမား ၃ ဦး
=====================
မန်စီးတီးတိုက်စစ်မှူးဟောင်းဂျူလီယန်အယ်ဗာရက်အပါအဝင် ကစားသမား ၃ ဦးတို့ဟာ ကာကွယ်ဆေးထိုးထားခြင်း မရှိမှုကြောင့် အာဂျင်တီးနားအသင်းမှ နုတ်ထွက်လာရပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားဟာ သောကြာနေ့တွင် အန်ဂိုလာနှင့် ခြေစမ်းပွဲ ကစားရပါမယ်။
ဒါပေမယ့် ကစားသမားအချို့တို့ဟာ ရယ်စရာကောင်းတဲ့ အကြောင်းပြချက်ဖြင့် ယင်းပွဲကို လွဲချော်လာပါမယ်။
အက်သလက်တီကိုစတားများဖြစ်ကြတဲ့ နာဟူရယ်မိုလီနာ၊ ဒီယေဂိုဆီမြွန်နီရဲ့သားဂူလီယာနိုဆီမြွန်နီနှင့် အသင်းရဲ့ ဂိုးသွင်းဘုရင်အယ်ဗာရက်ဇ်တို့ဟာ အန်ဂိုလာနှင့် ခြေစမ်းပွဲအတွက် ရွေးချယ်ခြင်းခံထားရပါတယ်။
ဒါပေမယ့် ယင်းကစားသမားတို့ဟာ အဝါရောင်အဖျားကာကွယ်ဆေးထိုးထားခြင်း မရှိမှုနှင့်အတူ အာဂျင်တီးနားအသင်းမှ နုတ်ထွက်လိုက်ရပါတယ်။
အဝါရောင်အဖျားမှာ ခြင်းများမှ ကူးစက်တဲ့ ဗိုင်းရပ်စ်ကူးစက်ရောဂါတစ်မျိုး ဖြစ်ပြီး အပျော့စားတုပ်ကွေးကဲ့သို့ ရောဂါမျိုး ဖြစ်ပါတယ်။
အချို့မှာ ယင်းအဖျားကြောင့် အသားဝါခြင်း၊ သွေးထွက်ခြင်း၊ ကိုယ်တွင်းအင်္ဂါပျက်စီးခြင်းစတဲ့ ပြင်းထန်သောရောဂါမျိုးလည်း ဖြစ်စေနိုင်ပါတယ်။
ယင်းရောဂါကို အာဖရိကဒေသအချို၊ တောင်အမေရိကနှင့် ကာရေဘီယံတို့တွင် တွေ့ရပါတယ်။ ဒါပေမယ့် ယင်းရောဂါကို ကာကွယ်ဆေးထိုးထားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
အန်ဂိုလာအသင်းမှာ နိုင်ငံတကာပွဲစဉ်ကာလအတွင်း အာဂျင်တီးနားတို့ ရင်ဆိုင်ကစားမယ့် တစ်ပွဲတည်းသော ပွဲလည်း ဖြစ်ပါတယ်။
ပြီးလျှင် အာဂျင်တီးနားအသင်းဟာ ဥရောပတွင် စခန်းသွင်းလေ့ကျင့်မှု ပြုလုပ်လာပါမယ်။
ဒူးအရွတ်ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရတဲ့ ယူနိုက်တက်နောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်မှာ ယူနိုက်တက်အတွက် ကစားနိုင်ခြင်း မရှိသေးပေမယ့်လည်း ကြံ့ခိုင်မှု ပိုမိုကောင်းမွန်လာစေရန်အတွက် အာဂျင်တီးနားအသင်းနှင့် ပူးပေါင်းကာ လေ့ကျင့်ခန်းဆင်းလာပါမယ်။