တရားမဝင်ကုန်စည် ကျပ်သန်း ၆၀၀၀ ကျော်ဖိုး ဖမ်းဆီး
---------------------

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ကျပ်သန်း ခြောက်ထောင်ကျော်တန်ဖိုးရှိ တရားမဝင်ကုန်စည်တွေ ဖမ်းဆီး ရရှိခဲ့တယ်လို့ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ နေပြည်တော်ကောင်စီ အပါ အဝင် တိုင်းဒေသကြီး၊ ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့တွေနဲ့ အကောက်ခွန်ဦးစီး ဌာနတို့က တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်နေတာလို့ ဆိုပါတယ်။
ဒီလိုဆောင်ရွက်နေရာမှာ တာဝန်သိပြည်သူတွေရဲ့ သတင်းပေးတိုင်ကြားမှုတွေကြောင့် အောက်တိုဘာလအတွင်း ဖမ်းဆီးရမိအမှုတွဲ (၁၁၉)မှု ရှိပြီး ဖမ်းဆီးရမိမှု ခန့်မှန်း တန်ဖိုးငွေ ကျပ်သန်း ၆၄၇၇ ကျော် ရှိတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့အထဲမှာ တရားမဝင်ကုန်စည်တွေ တင်ဆောင်လာတဲ့ မော်တော်ယာဉ်တွေ အပါအဝင် လိုင်စင်မဲ့ မော် တော်ယာဉ်တွေနဲ့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေ၊ အကောက်ခွန်မဲ့ ကုန်ပစ္စည်းတွေဖြစ်တဲ့ စက်မှုကုန်ကြမ်း ပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ စားသောက်ကုန်ပစ္စည်းတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေ၊ တရားမဝင် သစ်မျိုးစုံ နဲ့ ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
တရားမဝင်ကုန်စည်တွေ ဖမ်းဆီးရမိရေးအတွက် သတင်းပေးတိုင်ကြားခဲ့တဲ့ တာဝန်သိ ပြည်သူတွေကိုလည်း ဖမ်းဆီးရရှိမှု ခန့်မှန်းတန်ဖိုးငွေကျပ် သန်း ၆၄၇၇ ကျော်ရဲ့ ရာခိုင်နှုန်း ၂၀ ဖြစ်တဲ့ ငွေကျပ် ၁၂၉၅ သန်းကျော်ကို လည်း သတင်းပေး ဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

image