တရုတ်ဝယ်လိုအားကြောင့် ဆန်တန်ချိန် ၃ သန်း တင်ပို့မှု ပြည့်မီနိုင်ရေး ရည်မှန်း
တရုတ်နိုင်ငံရဲ့ ဝယ်လိုအားမြင့်မားမှု၊ EU က ပေးအပ်ထားတဲ့ အကောက်အခွန်အားသာချက်တွေနဲ့ ရေရှည်တည်တံ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ယခုဘဏ္ဍာနှစ်မှာ ဆန်တန်ချိန် ၃ သန်း တင်ပို့နိုင်ဖို့ ရည်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) တာဝန်ရှိသူက ပြောပါတယ်။
“ပထမ ၆ လမှာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ပြည့်မီအောင် တန်ချိန် ၁.၂ သန်း တင်ပို့ပြီးပါပြီ”လို့ ဦးရဲမင်းအောင်က ပြောပါတယ်။
အောက်တိုဘာလကနေ ဇန်နဝါရီလအထိ မိုးစပါးရိတ်သိမ်းရာသီကို ဝင်ရောက်လာတာနဲ့အမျှ ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းရှိနေချိန် တစ်နှစ်တာရည်မှန်းချက်ကို ပြည့်မီစေဖို့ တင်ပို့မှုတွေကို အရှိန်မြှင့်တင်သွားဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဦးစီးဌာန (USDA) က ၂၀၂၅-၂၀၂၆ ခုနှစ် (ဇန်နဝါရီ-ဒီဇင်ဘာ) မှာ မြန်မာနိုင်ငံက ဆန်တန်ချိန် ၂.၂ သန်း တင်ပို့မယ်လို့ ခန့်မှန်းထားပြီး ၂၀၂၄-၂၀၂၅ ခုနှစ်မှာ တင်ပို့မှုထက် ၅ ရာခိုင်နှုန်း တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။
USDA ရဲ့ တိုးမြှင့်ခန့်မှန်းချက်ဟာ ၎င်းတို့ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြထားတဲ့အတိုင်း အဓိကဈေးကွက်တွေ အထူးသဖြင့် တရုတ်နိုင်ငံထံ ရောင်းချမှု တိုးလာခြင်းဖြစ်တယ်လို့ သိရပါတယ်။
MRF ရဲ့ ထုတ်ပြန်ချက်အရ ပထမ ၆ လအတွင်း ဆန်နဲ့ ဆန်ကွဲ နှစ်မျိုးစလုံးက တရုတ်နိုင်ငံတစ်ခုတည်းက အရေအတွက်အများဆုံး ဝယ်ယူထားတာကို တွေ့ရပါတယ်။
S&P Global Platts ရဲ့ မြန်မာဆန်ဖြူ ၅ မှတ်ဆန်ကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၂၀ ၊ B1/B2 ဆန်ကွဲကို တစ်တန်ဈေး အမေရိကန်ဒေါ်လာ ၂၇၀ နဲ့ တန်ဖိုးဖြတ်ခဲ့ပါတယ်။