Naypyitaw State Academy တွင် ယခုပညာသင်နှစ်၌ အထူးပြုဘာသာရပ်လေးခု ထပ်မံတိုးမြှင့်ဖွင့်လှစ်သင်ကြားပေးနေ
Naypyitaw State Academy တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကုန်ထုတ်ဓါတု၊ စာကြည့်တိုက်နှင့်သုတပညာ၊ သံတမန်ရေးရာ၊ Nuclear Physics အထူးပြုဘာသာရပ်လေးခုကို ထပ်မံဖွင့်လှစ်လိုက်သည့်အတွက် စုစုပေါင်း ဘာသာရပ် (၂၄) ခုကို ဖွင့်လှစ်သင်ကြားပို့ချနေကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ Naypyitaw State Academy တက္ကသိုလ်ကို ၂၀၂၂ ခုနှစ်က နေပြည်တော်၌ စတင်ဖွင့်လှစ်ခဲ့ပြီး ထိပ်တန်းတက္ကသိုလ်ဖြစ်စေရန် ဦးတည်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောသည်။
ယမန်နေ့က Naypyitaw State Academy တက္ကသိုလ် (၃) နှစ်ပြည့်အခမ်းနားတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
Naypyitaw State Academy အနေဖြင့် ကျောင်းသားဗဟိုပြုသင်ကြားမှုစနစ်အကောင်အထည်ဖော်ရန် အလွန်အရေးကြီးကြောင်းနှင့် ကျောင်းသားကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သုံးနှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန် အသိပညာအတတ်ပညာရှင်များ ပေါ်ထွက်လာစေရေး ဆရာဆရာမများဝန်ထမ်းများ အားလုံးပူးပေါင်းဆာင်ရွက်ရန်လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားခဲ့သည်။
လက်ရှိ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်တွင် ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ စီးပွားရေးပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန ဌာနကြီးလေးခု အထူးပြုဘာသာရပ် (၁၂) ခုကို စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားကျောင်းသူ (၁၂၆) ဦး စတင်လက်ခံသင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဆေးပညာမဟာဌာန၊ ၂၀၂၄-၂၅ ပညာသင်နှစ်တွင် လူမှုရေးပညာမဟာဌာန၊ အားကစားပညာမဟာဌာနတို့ကို တိုးချဲဖွင့်လှစ်ခဲ့ပြီး မဟာဌာနကြီး (၇) ခု အထူးပြုဘာသာရပ် (၂၀) ကို တန်းစုံဖွင့်လှစ်သင်ကြားခဲ့နိုင်ကြောင်း သိရသည်။