6 ရက် - ဘာသာပြန်ပါ။

ပွင့်ဖြူမြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် ကလေးတယောက်အပါအဝင် ၈ ယောက်ကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာက အသက် ၁၂ နှစ်အရွယ်ကလေးတယောက်အပါအဝင်လူ ၈ ယောက်ကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီနေ့အထိ ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
''နိုဝင်ဘာ ၅ ရက် မနက် ၁ နာရီကျော်ကျော်လောက်မှာ ဖမ်းခေါ်ခံရတာ။ မုန်းဇလဲကျေးရွာထဲကို ၁၀ ယောက် လောက်ပါတဲ့ လက်နက်ကိုင်အဖွဲ့ကလာပြီး အိမ်တွေထဲ အထိ ဝင်ပြီးဖမ်းခေါ်သွားတာ။ ဆိုင်ကယ်တွေနဲ့လာကြတာ။ အားလုံး ၈ ယောက်ဖမ်းခေါ်ခံရတယ် ။ ဒီနေ့အထိ လွတ် မလာသေးပါဘူး။''လို့ဖြစ်စဉ်ကိုသိတဲ့ ဒေသခံ တယောက်ကပြောပါတယ်။
အဲ့ဒီ ဖမ်းခေါ်ခံရတဲ့မိသားစုဝင်တွေက မုန်းဇလဲကျေးရွာက ဒေသခံတွေဖြစ်တဲ့ ဦးအောင်ခင်ညွန့်နဲ့ ဇနီးဖြစ်သူ ဒေါ်ဇင်မို့မို့ထွန်း၊ သားဖြစ်သူ မောင်မြတ်ဘုန်းခန့်(၁၂ နှစ်)၊ ဦးဇော်ဝင်းမောင်နဲ့ ဇနီးဖြစ်သူ ဒေါ်သန်းသန်းမူ၊ ဦးခင်မောင်အေး နဲ့ညီမဖြစ်သူဒေါ်နှင်းရီ၊ ဒေါ်ခင်ပို တို့ ၈ ယောက်ဖြစ် တယ်လို့ သိရပါတယ်။
'' ဖမ်းခေါ်ခံရတဲ့ ဖြစ်စဉ်က မှန်တယ်။ ဘယ်အဖွဲ့ကဖမ်း ခေါ်သွားတယ်ဆိုတာ သက်ဆိုင်ရာက စုံစမ်း စစ်ဆေးနေ ပါတယ်။ ဘာကြောင့် ဖမ်းခေါ်သွားတယ်ဆိုတာ လောလောဆယ်တော့ မပြောတတ်သေးဘူး။''လို့ သက်ဆိုင်ရာရဲ တပ်ဖွဲ့နဲ့ နီးစပ်သူကပြောပါတယ်။
အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့နဲ့ အစိုးရတပ်ဖွဲ့ ဝင်တွေက စစ်ဆေးမှုများလုပ်ဆောင်ထားပြီး ရှာဖွေကူညီ ကယ်တင်နိုင်ရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ စလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အဖွဲ့ဝင်(၁)ဦးသက်ဝေထွန်းဆိုသူဟာ စလင်းမြို့နယ်ကနေ ဆင်ဖြူကျွန်းမြို့ကို ဆိုင်ကယ်နဲ့တယောက်တည်း အသွား အောက်တိုဘာ ၃၁ ရက် မွန်းလွဲပိုင်းက လက်နက်ကိုင်အဖွဲ့တခုက ဆိုင်ကယ်ကိုတားဆီးကာ ဖမ်းဆီးခေါ်ဆောင်သွားသေးတယ်လို့ သိရပါတယ်။
ဒီရက်ပိုင်းအတွင်း မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် ထွေအုပ် ရုံးအကူဝန်ထမ်းဖြစ်တဲ့ ကိုအောင်ဇော်မိုးဆိုသူဟာ ရွှေဘိုတက္ကသိုလ်မှာ အဝေးသင်တက်ရောက်ဖို့သွားစဉ် မုံရွာမြို့အနီးမှာ လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီး ခေါ်ဆောင်သွားသေးတယ်လို့ သိရပါတယ်။
အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ တာဝန် ကျနေတဲ့ ရဲတပ်သားစိုင်းခွန်ကျော်ရဲ့ဇနီးဖြစ်သူ ဒေါ်အေးအေးခိုင်ဆိုသူနဲ့သားဖြစ်သူ အသက် ၁၀ နှစ်အရွယ် မောင်စိုင်းကိုကို၊ သမီးဖြစ်သူအသက်ကိုးလအရွယ် မနန်းရွှေပိုးဖြူသန့်တို့ဟာ မလှိုင်မြို့နယ်ရှိ မလှိုင်မြို့မဈေး မှာဈေးဝယ်နေစဉ် မော်တော်ယာဉ် တစီးနဲ့ လာတဲ့ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးတယ်လို့ သိရပါတယ်။

image