မိုးကုတ်မြို့ကနေ ထွက်ခွာသူများလို့ မိုးကုတ် - မန္တလေး ကားခ အဆမတန်မြင့်တက်ပြီး ကားငှားလို့ မရဖြစ်နေ
မိုးကုတ်မြို့ကနေ တိမ်းရှောင်သူ များပြားလာမှုကြောင့် မိုးကုတ် - မန္တလေး ကားခမှာ လူတယောက်ကို ကျပ် ငါးသိန်းမှ ခြောက်သိန်းငါးသောင်းကျပ် အထိ စျေးပေါက်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။
အရင် အောက်တိုဘာလ တုန်းကဆိုရင် မိုးကုတ် - မန္တလေး ခရီးစဥ်အတွက် ကားခမှာ ကားအမျိုးအစားအပေါ် လိုက်ပြီး လူတယောက်ကို နှစ်သိန်းကျပ်မှ လေးသိန်းကျပ်သာ စျေးပေါက်တာ ဖြစ််တယ်လို့သိရပါတယ်။
" အရင်က လိုက်ထရပ်တို့ ခွေးဘီလူးကား တို့နဲ့ဆိုရင် ခေါင်းခန်းက နှစ်သိန်းငါးသောင်းကျတယ်။နောက်ခန်းက နှစ်သိန်းပါ ။ 4wheelကားနဲ့ဆိုရင် ခေါင်းခန်းလေးသိန်းပါ။ နောက်ခုံက သုံးသိန်းငါးသောင်းပါ။နောက်ကန့်မှာလိုက်ရင်နှစ်သိန်းပါ ။ အခုကတော့ ခြောက်သိန်းငါးသောင်း လောက်အထိဖြစ်နေတယ်။ လိုက်ချင်သူများတော့ ကားတချို့က စျေးခေါ်တင်ကြတာပေါ့။ ကားတွေက ခုရက်ပိုင်း အကုန် လူပြည့်နေတယ် ။ "လို့ ကားသမား တယောက်က ပြောပါတယ် ။
ကားခစျေးနူန်းတွေ အဆမတန် မြင့်တက်သွားတဲ့အပြင် မိုးကုတ်မှ အခြားဒေသကို ခရီးသွားလိုသူ များတဲ့အတွက် ကားငှားလို့ပင် မရတော့တဲ့အထိ ဖြစ်နေတယ်လို့ လို့သိရပါတယ်။
" မိုးကုတ်မှာက ကားတွေသိပ်မရှိဘူး ။ မန္တလေးမှာပဲ ကားတွေက ရှိနေတော့ ခက်နေတာ။ မန္တလေးကနေ ဆိုရင် ကားတွေက ခါလီတက်လာရတာ ။အဲဒီတော့ ကားခတွေ ကလည်း တက်နေတာပေါ့။ ခုဆို စာရင်း ပေးထားတာများလို့ မိုးကုတ်ကထွက်မယ့် ကားအများစုမှာ နေရာလွတ်မရှိတော့ဘူး။အခုသွားချင်တာမျိုးဆို ကားလက်မှတ်က ရဖို့မလွယ်ဘူး။ ရက်တော်တော် ကြိုဖြတ်မှရမယ် ။" လို့ သူကထပ်ပြောပါတယ်။
လက်ရှိမှာ မိုးကုတ် ကနေ မန္တလေးကို ဆင်းတဲ့အခါ မိုးမိတ်လမ်း ကနေသွားလာတဲ့ ကားရှိသလို မိုးကုတ် မှ ကျောက်မဲ - နောင်ချို - ပြင်ဦးလွင် လမ်းကြောင်း သွားသူ တွေလည်းရှိကြောင်း ၊ ခရီးစဥ်အလိုက် အနည်းဆုံး တညအိပ်ရပြီး လမ်းကြောင်း အခြေအနေ မကောင်းပါက ရက်ကြာမြင့် မှုရှိတယ် လို့သိရပါတယ်။
မိုးကုတ် - ကျောက်မဲ- နောင်ချို - ပြင်ဦးလွင် လမ်းကြောင်းကတော့ စစ်ဆေးမှု တင်းကြပ်ထားပြီး လူမျိုးခြား ဖြစ်ပါက ဖြတ်သန်းသွားလာခွင့် မပြုဘူးလို့ သိရပါတယ်။
" ကျောက်မဲ မရောက်ခင် စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင် စစ်တယ် ။ ပလောင် ဆိုရင် အဲဒီကား ပြန်လှည့်ရပါတယ် ။ ဝက်ဝံဂိတ်မှာ မူးယစ်ဆေးဝါး ၊လက်နက် ခဲယမ်း စစ်ပါတယ်။ တအိတ်ချင်း စစ်ပါတယ် ။ ၁၆ မိုင်ဂိတ်ကလည်း အစစ်ဆေးကြမ်းပါတယ်။ တအိတ်ချင်း ဖောက်စစ်ပါတယ် ။ ကျောက်သယ်လာရင် လိုင်စင်ရှိဖို့ လိုပါတယ်။ အားလုံး လွတ်ကင်းရင် စိတ်ပူစရာ မလိုပါဘူး ။ " လို့ နောက်ထပ် ကားသမား တယောက်က ပြောပါတယ် ။
လက်ရှိ မိုးကုတ်မြို့နယ်နဲ့ မိုးမိတ်မြို့နယ်ဘက်မှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားမှုရှိနေပြီး စစ်ရေးအခြေအနေ ရှုပ်ထွေးပြီး တည်ငြိမ်မှု မရှိတဲ့ အခြေအနေတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
တရုတ်ရဲ့ ကြားဝင်ဆွေးနွေး ညှိနိူင်းပေးမှုအရ တပ်မတော်နဲ့ TNLA တပ်ဖွဲ့တို့ အကြား ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကို TNLA က လက်မှတ်ရေးထိုးခဲ့ ပြီး မိုးကုတ် နဲ့ မိုးမိတ်မြို့တွေကနေ တပ်တွေနောက်ဆုတ်ပေးဖို့ သဘောတူ ညီခဲ့ကြောင်း TNLA က အောက်တိုဘာ ၂၉ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက်မှာပဲ ဒေသတွင်းလက်နက်ကိုင်တပ်တွေဘက်ကလည်း မိုးကုတ်ကို အစိုးရတပ်ဆီ ပြန်ပေးမှာမဟုတ်ဘဲ မြို့ကိုလက်မလွှတ်ရရေး ဒေသတွင်းလက်နက်ကိုင်တပ်တွေ ပူးပေါင်းပြီး ခုခံတိုက်ခိုက်သွားမယ့် အကြောင်း သတင်းထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။
ဒါကြောင့် မိုးကုတ်မြို့ခံတွေက တကျော့ပြန်တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး စစ်ပွဲဒဏ်ကို ဒေသခံတွေ ထပ်မံခံစား ရမယ့်အပေါ် စိုးရိမ်နေကြတဲ့ အတွက် မြို့ခံတွေအနေနဲ့ ကြိုတင်ပြီး စစ်ဘေးရှောင်မှုတွေပြုလုပ် လာနေကြတာဖြစ် တယ်လို့သိရပါတယ်။
မိုးကုတ်မြို့ကိုတော့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ၊ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ TNLA နဲ့ ဒေသတွင်း လက်နက်ကိုင် တပ်တွေပူးပေါင်းပြီး ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး သိမ်းပိုက်ပြီး တနှစ်ကျော်အကြာမှာ TNLA က မြို့ကနေ တပ်ပြန်ဆုတ်ဖို့ သဘောတူညီခဲ့ တာဖြစ်ပါတယ်။
မိုးကုတ်မြို့ကို TNLA ထိန်းချုပ်ထားတဲ့ တနှစ်ကျော် ကာလအတွင်းမှာ လေကြောင်းကနေ ဗုံးကြံ တိုက်ခိုက်ခံရမှုဖြစ်စဥ်ကြောင့် လူသေဆုံးမှု အများအပြားရှိခဲ့သလို ထိခိုက်ဒဏ်ရာရသူ နဲ့ နေအိမ် အဆောက်အဦ ၊ ဘာသာရေး အဆောက်အအုံ ပျက်စီးမှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။