ရခိုင်ပြည် မြို့သုံးမြို့မှာ လေကြောင်း တိုက်ခိုက်ခံရမှုတွေ ဆက်တိုက်ဖြစ်ပွားပြီး ရှစ်ယောက် သေဆုံး

ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်‌တော မြို့နယ်တွေမှာ မနေ့ နိုဝင်ဘာ ၈ ရက်၊ တရက်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ရှစ်ယောက် သေဆုံးခဲ့တယ်လို့ မြေပြင်အခြေစိုက် လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
မနေ့ နေ့လယ် ၂ နာရီဝန်းကျင်ကနေ စတင်ကာ နာရီဝက်အတွင်း အဲဒီ မြို့သုံးမြို့မှာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တာလို့ သိရပြီး လူသေဆုံးမှုအပြင် ထိခိုက်ဒဏ်ရာရသူ ငါးယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
“အရင်ဆုံး ရသေ့တောင်မှာ လေကြောင်း တိုက်ခိုက်မှု စဖြစ်တာ။ ပြီးတော့ ပုဏ္ဏားကျွန်းကို ဆက်သွားတယ်။ အဲဒီကနေမှ ပေါက်တောကို ရောက်သွားတာ။ မနေ့ကဖြစ်စဉ်မှာ လေကြောင်း တိုက်ခိုက်တာအပြင် မြေပြင်မှာလည်း ပစ်ခတ်မှုတွေ ဖြစ်သေးတယ်” လို့ မြေပြင်အခြေစိုက် လူမှုကူညီရေး လုပ်ဆောင်နေသူက ပြောပါတယ်။
ရသေ့တောင်မြို့နယ်က ထွန်းရဝေကျေးရွာနဲ့ ကြိမ်သာကျေးရွာအတွင်း လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာမှာ နှစ်ယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရရှိခဲ့သလို ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်သံချေ ကျေးရွာမှာလည်း နှစ်ယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ပေါက်တောမြို့ပေါ်ရှိ အထက်တန်း ကျောင်းမှာလည်း လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် လေးယောက် သေဆုံးကာ တယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“ဒဏ်ရာရ က လောလောဆယ် ကျွန်တော် သတင်းရသမျှက မြို့နယ် သုံးခုပေါင်းကို ငါးယောက်ရှိမယ်။ မြေပြင် အနေအထားအရ ဒီထက်လည်း များနိုင်တယ်။ အခုကျွန်တော်သိတဲ့ ဒဏ်ရာရ ငါးယောက်မှာ ရသေ့တောင်က နှစ်ယောက်က ဒဏ်ရာပြင်းထန်တယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်ခံရမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ မြို့သစ်ရပ်ကွက်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် လေးယောက် သေဆုံးခဲ့ပြီး ကိုးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ နိုဝင်ဘာ ၇ ရက်နေ့၊ တရက်တည်းမှာပဲ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းက ယိုးတရုပ်ကျေးရွာ၊ ကွမ်းတောင်ကျေးရွာနဲ့ အောင်ဖြူပြင် ကျေးရွာတွေမှာ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် ငါးယောက် သေဆုံးကာ ကိုးယောက်ထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာမှာ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ငါးယောက် သေဆုံးပြီး ၁၀ ယောက်ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ကျောက်ဖြူ၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်း မြို့နယ်တွေမှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ခြောက်ယောက် သေဆုံးကာ ၁၇ ယောက်ထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ အောက်တိုဘာ ၂၉ ရက်နေ့ကလည်း ပေါက်တောမြို့နယ် တောင်ညိုကျေးရွာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် တယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရရှိခဲ့သလို အောက်တိုဘာ ၂၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာမှာ ဒရုန်း ကျရောက်မှုကြောင့် တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က “ကျွန်တော့်ယူဆချက်ပေါ့။ ရခိုင်ပြည်ရဲ့ စစ်ရေး အခြေအနေက နောက်ပိုင်း ပိုပြီး ပြင်းထန်လာနိုင်တယ်။ အစိုးရတပ်က MNDAA (ကိုးကန့်တပ်) နဲ့ရော၊ TNLA (တအာင်းတပ်) နဲ့ရော အပစ်ရပ်ထားပြီ ဆိုတော့ ရခိုင်ကို ပိုဖိလာမယ့်သဘော ရှိတယ်။ ရခိုင်မှာ တန်ပြန်ထိုးစစ် ဖော်ဆောင်မယ့် အရိပ်အယောင်တွေလည်း တွေ့ရတယ်။ ဒီအတွက်ကိုလည်း ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံကနေ အင်အား ဖြည့်နေတာတွေလည်း ရှိနေတယ်” လို့ ပြောပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ AA က ကြေညာချက် ထုတ်ပြန်ထားတာမှာ အစိုးရတပ်အနေနဲ့ ရခိုင်ပြည်က လက်လွှတ်ထားရတဲ့ မြို့တွေ၊ ဒေသတွေကို နေ့စဉ်နီးပါး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံ ပြည်သူတွေအနေနဲ့ စစ်ရေးသတိ၊ လေကြောင်း၊ ရေကြောင်း အန္တရာယ်တွေကို အထူး သတိထားကြဖို့ အသိပေးထားပါတယ်။

image