ဘာစီလိုနာမှာ နေမာ သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်ကို လီဝန်ဒေါစကီး ကျော်ဖြတ်

ဘာစီလိုနာအသင်းရဲ့ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် ဘာစီလိုနာမှာ ကစားစဉ် နေမာသွင်းယူခဲ့တဲ့ ဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ ဘာစီလိုနာအသင်းမှာ (၄)ရာသီကြာ ကစားခဲ့စဉ်အတွင်း ပြိုင်ပွဲစုံ(၁၈၆)ပွဲ ယှဉ်ပြိုင်ကစားပြီး (၁၀၅)ဂိုး သွင်းယူခဲ့တာပါ။
လီဝန်ဒေါစကီးအတွက်လည်း ဒီရာသီက ဘာစီလိုနာကစားသမားဘဝ (၄)ရာသီမြောက်ဖြစ်ပြီး (၁၅၉)ပွဲ ယှဉ်ပြိုင်ပြီးချိန်မှာ (၁၀၈)ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
လီဝန်ဒေါစကီးဟာ တံကောက်ကြောဒဏ်ရာကြောင့် တစ်လကြာအနားယူခဲ့ရပြီး ပထမဆုံးအကြိမ် ပွဲထွက်ကစားသမားအဖြစ် ပြန်ကစားတဲ့ပွဲမှာပဲ ဟက်ထရစ်သွင်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါဟာ သူ့အတွက် လာလီဂါမှာ (၃)ကြိမ်မြောက် သွင်းယူနိုင်တဲ့ ဟက်ထရစ်ဖြစ်ပြီး ပွဲအပြီးမှာ လီဝန်ဒေါစကီးက ''ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ ဗီဂိုက ကျွန်တော်တို့အတွက် အမြဲတမ်းကစားရခက်တဲ့နေရာတစ်ခုပါ။ အခု ကျွန်တော်တို့ ရီးယဲလ်မက်ဒရစ်နဲ့ အမှတ်နည်းနည်းပဲ ကွာဟပါတော့တယ်။ နိုင်ငံတကာရက်သတ္တပတ်ပြီးရင် ကျွန်တော်တို့ ပိုကောင်းလာမှာပါ'' လို့ ပြောကြားခဲ့ပါတယ်။

image