အမ်ဘူမိုကို အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် အက်စတွန်ဗီလာနဲ့ပွဲပြီးမှ စေလွှတ်ဖို့ မန်ယူအသင်း လိုလားနေ

မန်ယူအသင်းဟာ ကင်မရွန်းတိုက်စစ်မှူး အမ်ဘူမိုကို အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် အက်စတွန်ဗီလာနဲ့ပွဲပြီးမှ စေလွှတ်ပေးဖို့ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ထံ တောင်းဆိုဖွယ်ရှိကြောင်း သိရပါတယ်။
၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ဒီဇင်ဘာ (၂၁)ကနေ ဇန်နဝါရီ(၁၈)အထိ ကျင်းပသွားမှာဖြစ်ပေမဲ့ ကင်မရွန်းအသင်းကတော့ အုပ်စုအဖွင့်ပွဲကို ဒီဇင်ဘာ(၂၄)မှာမှ ယှဉ်ပြိုင်ကစားရမှာပါ။
ဒါကြောင့် မန်ယူအသင်းက ဒီဇင်ဘာ(၂၁)မှာ ယှဉ်ပြိုင်ရမယ့် အက်စတွန်ဗီလာနဲ့ပွဲပြီးမှ အမ်ဘူမိုကို ကင်မရွန်းအသင်းဆီ စေလွှတ်ပေးဖို့ ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒီနွေမှာမှ ဘရန့်ဖို့ဒ်ကနေ မန်ယူအသင်းကို ပေါင်သန်း(၇၀)ဝန်းကျင်နဲ့ ရောက်ရှိလာခဲ့တဲ့ အမ်ဘူမိုဟာ လက်ရှိအချိန်မှာ မန်ယူအသင်းရဲ့တိုက်စစ်ကို အဓိကဦးဆောင်နေပြီး နောက်ဆုံး(၄)ပွဲမှာ (၄)ဂိုး သွင်းယူထားပါတယ်။
ဒါကြောင့် မန်ယူနည်းပြ အာမိုရင်မ်က အမ်ဘူမိုကို တတ်နိုင်သလောက် မန်ယူအသင်းမှာ အသုံးပြုနိုင်ဖို့ ဆန္ဒရှိနေတာဖြစ်ပြီး မန်ယူအသင်းတာဝန်ရှိသူတွေက ကင်မရွန်းဘောလုံးအဖွဲ့ချုပ်နဲ့ ညှိနှိုင်းတောင်းဆိုသွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။
မန်ယူအသင်းဟာ အမ်ဘူမိုကို အာဖရိကနိုင်ငံများဖလား ကျင်းပမယ့် ကာလအတိုင်းသာ လက်လွှတ်ရမယ်ဆိုရင် ပွဲပေါင်း(၆)ပွဲလောက်အထိ အသုံးပြုနိုင်မှာမဟုတ်ကြောင်း သိရပါတယ်။

image