ဆာဘွဲ့ချီးမြှင့်ခံရပြီးနောက် ကျေးလက်ဒေသဘားတစ်ခုတွင် အောင်ပွဲခံပါတီ ကျင်းပခဲ့တဲ့ ဒေးဗစ်ဘက်ဟမ်း
====================

ဒေးဗစ်ဘက်ဟမ်းဟာ ဗြိတိန်ဘုရင်ကြီးရဲ့ ဆာဘွဲ့ချီးမြှင့်ခြင်းခံရပြီးနောက် ကျေးလက်ဒေသဘားတစ်ခုတွင် အောင်ပွဲခံပါတီ ကျင်းပခဲ့ပါတယ်။
ဒေးဗစ်ဘက်ဟမ်းဟာ ပြီးခဲ့တဲ့အပတ်တုန်းက ချားလ်ဘုရင်ကြီးရဲ့ ဆာဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရပြီး အပေါင်းအသင်းမိတ်ဆွေများဖြစ်ကြတဲ့ နာမည်ကျော်ဒါရိုက်တာဂိုင်းရစ်ချီ၊ ဂယ်ရီနဗီးလ်၊ သားများဖြစ်ကြတဲ့ ရိုမီယို၊ ခရုဇ်တို့နှင့်အတူ အောင်ပွဲခံလာခဲ့တာလည်း ဖြစ်ပါတယ်။
လူ ၃၀ ပါဝင်တဲ့ ယင်းပါတီကို သောကြာနေ့ညတုန်းက ချားလ်ဘူရီရှိ The Bul ဘားရဲ့ တစ်ခန်းလုံးကို ငှားရမ်းကာ ကျင်းပခဲ့ပါတယ်။
ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နှင့် အေစီမီလန်စူပါစတားဟောင်းဟာ ညနေခင်းအချိန်တွင် ဘားရဲ့ အနောက်ဘက်ရှိ သီးသန့်တည်ဆောက်ထားတဲ့ ဆာဖာရီတဲတွင် စတင် ကျင်းပခဲ့ပါတယ်။
ယင်းပါတီပွဲတွင် အသက် ၂၀ နှစ်ရှိ သားဖြစ်သူ ခရုဇ်က ဖခင်ဖြစ်သူ ဆာဘွဲ့ချီးမြှင့်ခံရမှုတဲ့အကြောင်းကို ရေးသားထားတဲ ဂုဏ်ပြုသီချင်း သီဆိုခဲ့ပါတယ်။
ဒါ့အပြင် ယင်းပါတီတွင် Oasis ၊ The Rolling Stones တို့ရဲ့ နာမည်ကျော်သီချင်းများကိုလည်း သီဆို ကခုန်ခဲ့ကြကာ “We love you Sir David Beckham, we love you Sir David Beckham” လို့ သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။
ယင်းပါတီပွဲတွင် ဒေးဗစ်ဘက်ဟမ်းဟာ ညစာစားပွဲတွင် ဧည့်သည်များအား ကမာကောင်၊ အာလူးကင်၊ သိုးသားကင်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါတယ်။
ဒါ့အပြင် ယင်းပါတီပွဲတွင် တစ်လုံးလျှင် ၅၅ ပေါင်တန်ဖိုးရှိ ရို့စ်ဝိုင်၊ Jeremy Clarkson’s Hawkstone Session အပါအဝင် ဒေသတွင်းထွက် ချက်ဘီယာ၊ မာဂရီတာ၊ အက်စ်ပရီဆိုမာတီနီကော့တေးများဖြင့်လည်း ဧည့်ခံခဲ့ပါသေးတယ်။
ယင်းပါတီပွဲကို ညဉ့်သန်းခေါင်မတိုင်မီ အပြီးသတ်ခဲ့ပြီး ဒေးဗစ်ဘက်ဟမ်းဟာ ပရိသတ်များနှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ပါတယ်။
ပါတီပွဲအပြီးတွင် ဒေးဗစ်ဘက်ဟမ်းဟာ အသင့်စောင့်ဆိုင်းနေတဲ့ကားဖြင့် ယင်းအနီးရိ ပေါင် ၁၂ သန်းတန် နေအိမ်သို့ ပြန်သွားခဲ့ပါတယ်။
ယခုပါတီပွဲတွင် မိသားစုနှင့် ပြဿနာတက်နေတဲ့ အသက် ၂၆ နှစ်ရှိ သားကြီးဘရွတ်ကလင်းကို မတွေ့ရပါဘူး။

image