ဆဲလ်တာဖီဂိုနိုင်ပွဲတွင် ဟက်ထရစ်သွင်းယူလာတဲ့ ရောဘတ်လီဝန်ဒေါ့စကီး
===================
ရောဘတ်လီဝန်ဒေါ့စကီးဟာ ဆဲလ်တာဗီဂိုအား အနိုင်ရတဲ့ပွဲမှာ ဘာစီလိုနာအတွက် ဟက်ထရစ် သွင်းယူလာပါတယ်။ အခုပွဲမှာ မားကပ်စ်ရက်ဖို့ဒ်ဟာလည်း ၂ ကြိမ်ဖန်တီးပြီး ခြေစွမ်းပြခဲ့ပါတယ်။
ဘာစီလိုနာဟာ မနေ့ညက ဆဲလ်တာဗီဂိုအား အနိုင်ရခဲ့လို့ ထိပ်ဆုံးမှ ရီးရဲလ်မက်ဒရစ်နှင့် သုံးမှတ်အကွာသို့ ရောက်လာပါတယ်။ မနေ့က ဘာစီလိုနာတို့ မကစားမီ ရီးရဲလ်မက်ဒရစ်က ဗယ်လီကာနိုနှင့် ဂိုးမရှိသရေကျခဲ့ပါတယ်။ ဘာစီလိုနာဟာ ယင်းကို အခွင့်ကောင်းယူပြီး ဆဲလ်တာအား အနိုင်ယူကာ ၃ မှတ်အကွာသို့ ရောက်လာတာလည်း ဖြစ်ပါတယ်။
ပိုလန်ဝါရင့်တိုက်စစ်မှူးဟာ ပွဲအစ ၉ မိနစ်တွင် မားကို့စ်အလွန်ဆိုရဲ့ လက်ထိဘောမှ ရရှိတဲ့ ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။
ချက်ချင်းဆိုသလိုပဲ ဆဲလ်တာဟာ မားကပ်စ်ရက်ဖို့ဒ်ရဲ့ ဂိုးသမားနှင့် တစ်ဦးချင်းအတွေ့ ကန်ချက် ကာကွယ်ခြင်းခံရပြီးနောက် တန်ပြန်တိုက်စစ်မှ တဆင့် ဆာဂျီယိုကာရီရာက ဆဲလ်တာအတွက် ချေပဂိုးပြန်သွင်းလာပါတယ်။
ပွဲချိန် ၃၆ မိနစ်မှာ အပိုင်အခွင့်အရေး ဖြုန်းတီးပစ်ခဲ့တဲ့ ရက်ဖို့ဒ်ဟာ ရောဘတ်လီဝန်ဒေါ့စကီး Volley ကန်ချက်ဂိုးဖြင့် ဦးဆောင်ဂိုး ပြန်သွင်းနိုင်အောင် ဖြတ်တင်ဘော ပြုလုပ်ဖန်တီးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် အမှတ်ပေးဇယားအလယ်ပိုင်းမှာ ရပ်တည်နေတဲ့ ဆဲလ်တာဟာ ပွဲချိန် ၄၃ မိနစ်မှာ အိုင်ဂလာစီးယပ်စ်ရဲ့ ဧရိယာအစပ်ကန်ချက်ဖြင့် ချေပဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာ နှစ်ဂိုးစီသရေဖြင့် ပြီးဆုံးလာမယ်လို့ ယူဆထားရပေမယ့်လည်း လာမိန်းယာမဲလ်က အချိန်ပို ၄၉ မိနစ်မှာ ရက်ဖို့ဒ်ရဲ့ ဖြတ်တင်ဘော တိုင်ထိထွက်လာရာက ဘာစီလိုနာအတွက် ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။
၇၃ မိနစ်မှာ ရောဘတ်လီဝန်ဒေါ့စကီးက ရက်ဖို့ဒ်ရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်ကာ ဟက်ထရစ်ဂိုးကို သွင်းယူခဲ့ပါတယ်။
ရောဘတ်လီဝန်ဒေါ့စကီးဟာ ဘာစီလိုနာအတွက် တတိယမြောက်လာလီဂါဟက်ထရစ်သွင်းယူလာနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဘာစီလိုနာဟာ အချိန်ပိုမှာ အလယ်တန်းကစားသမားဖရန်ကီဒီယွန် အနီကတ်ပြထုတ်ပယ်ခံရလို့ ဆယ်ယောက်တည်းဖြင့် ကစားခဲ့ရပါတယ်။