ဆီးဂိမ်းစ်ပြိုင်ပွဲဝင် ဘောလုံးအသင်း (၄) သင်း ဆုတံဆိပ်ရရှိမှုအလိုက်ဆုကြေးခံစားခွင့်များ ချီးမြှင့်ပေးအပ်မည်ဟု အဖွဲ့ချုပ် ဥက္ကဌ အားပေး

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် ဘောလုံးအသင်း (၄) သင်းအ‌နေဖြင့် ဆုတံဆိပ်ရရှိမှုအလိုက်ဆုကြေးခံစားခွင့်များ ချီးမြှင့်ပေးအပ်မည်ဟု မြန်မာနိုင်ငံ‌ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က အားပေးစကားပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာ (၆) ရက်က အာရှအမျိုးသမီးချန်ပီယံလိဂ် ပြိုင်ပွဲဝင် ISPE FC အသင်းအပြင် ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မြန်မာအမျိုးသမီးအသင်း၊ အမျိုးသား ယူ၂၂ အသင်း၊ အမျိုးသား ဖူဆယ်အသင်း၊ အမျိုးသမီး ဖူဆယ်အသင်းနှင့် အာရှ ယူ ၁၇ ခြေစစ်ပွဲဝင်မည့် အမျိုးသား ယူ ၁၇ အသင်းတို့ စခန်းသွင်းလေ့ကျင့်မှုများအားသွားရောက်တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် အသင်း (၄) သင်းမှာ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း၊ အမျိုးသား ယူ-၂၂ အသင်း၊ အမျိုးသား ဖူဆယ်အသင်းနှင့် အမျိုးသမီး ဖူဆယ်အသင်းတို့ စခန်းဝင်လေ့ကျင့်ပြင်ဆင်နေကြပြီ ဖြစ်သည်။

ထို့အပြင် နိုဝင်ဘာ (၉) ရက်တွင် အာရှအမျိုးသမီးချန်ပီယံလိဂ် ပြိုင်ပွဲဝင်မည့် ISPE FC အမျိုးသမီးအသင်းအား တွေ့ဆုံ၍ မြန်မာ့လက်ရွေးစင်ကစားသမားအများစု ပါဝင်သည့်အတွက် ဆီးဂိမ်းစ်ပြိုင်ပွဲအကြို ကောင်းမွန်သည့် အခွင့်အရေး ဖြစ်ကြောင်း၊ အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ဘက်များဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယားအသင်းများအား မလျှော့သော ဇွဲလုံ့လအပြည့်ဖြင့် ရေကုန်ရေခန်း ကြိုးပမ်းကစားရန်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့် ကလပ်များ၊ ကစားသမားများ ဖြစ်သော်လည်း စိတ်ဓာတ်အကောင်းဆုံးဖြင့် ရင်ဆိုင်သွားရန် တိုက်တွန်းအားပေးခဲ့သည်။

အလားတူ မြန်မာအမျိုးသား ယူ-၂၂ အသင်း၊ မြန်မာအမျိုးသား ယူ-၁၇ တို့အား ဆက်လက်တွေ့ဆုံခဲ့ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အမျိုးသား ယူ-၂၂ အသင်းအောင်မြင်မှုရရှိရေးအတွက် အထူးကြိုးစားအားထုတ်ရန်၊ စည်းကမ်းကောင်းမွန်စွာ နေထိုင်လေ့ကျင့်ရန်၊ မိမိအား ဝေဖန်သုံးသပ်မှုကို ပြန်လည်ဆန်းစစ်၍ ခွန်အားအဖြစ် အသုံးချ ကြိုးစားရန် တိုက်တွန်းခဲ့သလို အာရှ ယူ-၁၇ ခြေစစ်ပွဲဝင်မည့် မြန်မာ ယူ-၁၇ အသင်းကိုလည်း လက်ရွေးစင် အသင်းကြီး အဆင့်သို့လည်းကောင်း၊ ပရော်ဖက်ရှင်နယ် ကစားသမားများအဖြစ်သို့လည်းကောင်း ရောက်ရှိရန်နှင့် အာရှခြေစစ်ပွဲ အောင်မြင်ရေး အာရုံစိုက်လေ့ကျင့်ရန် တိုက်တွန်းအားပေးခဲ့ကြောင်း သိရသည်။

image