ဥရောပထိပ်သီးလိဂ်ကလပ်ရဲ့ ရှယ်ယာကို ပိုင်ဆိုင်တဲ့ နယူးယောက်မြို့တော်ဝန်သစ်ဇိုဟ်ရန်းမမ်ဒါနီ
======================
အသစ်စက်စက် ရွေးကောက်ခံထားရတဲ့ နယူးယောက်မြို့တော်ဝန်ဇိုဟ်ရန်းမမ်ဒါနီဟာ ဥရောပထိပ်တန်းလိဂ်ကလပ်တစ်ခုမှ ရှယ်ယာဝင်တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
အသက် ၃၄ နှစ်ရှိ မမ်ဒါနီဟာ ၁၈၉၂ ခုနှစ်နောက်ပိုင်းတွင် နယူးယောက်ရဲ့ အသက်အငယ်ဆုံး မြို့တော်ဝန်တစ်ဦးဖြစ်လာသလို နယူးယောက်မြို့တော်ဝန်ဖြစ်လာတဲ့ ပထမဆုံးမွတ်စလင်ဘာသာဝင်တစ်ဦးလည်း ဖြစ်လာပါတယ်။
ဇိုလ်ရန်းမမ်ဒါနီကို အရှေ့အာဖရိကနိုင်ငံ ယုဂန္ဒာတွင် အိန္ဒိယနွယ်ဖွားမိဘများက မွေးဖွားခဲ့တာ ဖြစ်ပြီး အသက် ၇ နှစ်သား အရွယ်ကတည်းက နယူးယောက်တွင် အခြေချနေထိုင်လာခဲ့သူ ဖြစ်ပါတယ်။
လက်ဝဲဒီမိုကရက်တစ်ဦးဖြစ်တဲ့ မမ်ဒါနီဟာ နယူးယောက်မြို့တော်ဝန်ဟောင်းအင်ဒရူးကူမိုနှင့် ရီပတ်ဘလစ်ကန် ကာတစ်ဆလီဝါတို့ကို အနိုင်ယူကာ မြို့တော်ဝန်သစ်အဖြစ် ရွေးချယ်ခံခဲ့ရတလည်း ဖြစ်ပါတယ်။
မြို့တော်ဝန်သစ်ဖြစ်လာတာနဲ့အညီ မမ်ဒါနီဟာ လာမယ့်နှစ် နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲအပါအဝင် အားကစားရေးရာကိစ္စရပ်များကိုလည်း ကိုင်တွယ်လာတော့မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားဗိုလ်လုပွဲကို နယူးယောက်စီးတီးအနီး နယူးဂျာစီမှ MetLife Stadium မှာ ကျင်းပလာပါမယ်။
ဒါကြောင့်လည်း မမ်ဒါနီဟာ ဇူလိုင်လ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနီး ထိုင်ခုံမှာ ထိုင်ကာ ကြည့်ရှုလာနိုင်ပါတယ်။
တကယ်တော့ မမ်ဒါနီဟာ ဘောလုံးနှင့် စိမ်းတဲ့ သူတစ်ဦးတော့ မဟုတ်ပါဘူး။
၂၀၁၂ ခုနှစ်တုန်းက အင်တာဗျူးတစ်ခုမှာ မမ်ဒါနီက လက်ရှိ လာလီဂါမှာ ကစားနေတဲ့ စပိန်ကလပ် ရီးရဲလ်အိုဗီဒိုရဲ့ ရှယ်ယာများကို ဝယ်ယူခဲ့ကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။
၂၀၁၂ ခုနှစ်တုန်းက အိုဗီဒိုဟာ ဘဏ္ဍာရေးပြဿနာကြုံခဲ့ရပြီး တစ်ကမ္ဘာ့လုံးမှ ဘောလုံးပရိသတ်များရဲ့ အကူအညီကြောင့် ပြန်လည်ရှင်သန်ခဲ့တာလည်း ဖြစ်ပါတယ်။
ထိုစဉ်တုန်းက အိုဗီဒိုဟာ ကလပ်မပြိုလဲရေး ယူရို ၂ သန်းလိုအပ်နေခဲ့ပြီး စတားဟောင်းများဖြစ်ကြတဲ့ ဆန်တီကာဇိုလာ၊ ဟွမ်မာတာ၊ မီချူးတို့ကလည်း ရင်းနှီးမြှပ်နှံခဲ့ပါတယ်။
ဒါ့အပြင် ထိုစဉ်တုန်းက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ကားလို့စ်ဆလမ်က ယူရို ၂ သန်း ရင်းနှီးမြှပ်နှံခဲ့ကာ ကလပ်ကို ကယ်တင်ပေးခဲ့ပါတယ်။
ရီးရဲလ်အိုဗီဒိုဟာ ၂၀၁၅ ခုနှစ်တွင် ၁၃ နှစ်ကြာ ဝေးကွာလာခဲ့တဲ့ စပိန်ဒုတိယတန်းလိဂ် ဆီဂန်ဒါသို့ ပြန်လည်တက်လှမ်းခဲ့ပါတယ်။
ယင်းနောက် အိုဗီဒိုဟာ ၂၀၂၃-၂၄ ရာသီတွင် လာလီဂါသို့ တန်းပြန်တက်ရေး နီးစပ်ခဲ့ပေမယ့်လည်း ပလေးအော့ဖ်ဗိုလ်လပွဲမှာ အက်စ်ပန်ညိုအား ၂-၁ ဖြင့် ရှုံးနိမ့်ကာ တန်းတက်နိုင်မယ့် အခွင့်အရေး လက်လွှတ်ခဲ့ရပါတယ်။
ဒါပေမယ့် ၎င်းတို့ဟာ ပြီးခဲ့တဲ့ရာသီမှာတော့ ပလေးအော့ဖ်ဗိုလ်လုပွဲတွင် မီရန်ဒါကို အနိုင်ယူပြီး လာလီဂါသို့ တန်းတက်နိုင်ခဲ့ပါတယ်။
အိုဗီဒိုဟာ လာလီဂါသို့ တန်းပြန်တက်လာတယ်ဆိုပေမယ့် ရုန်းကန်နေရကာ လက်ရှိ အဆင့် ၁၉ နေရာမှာ ရပ်တည်နေပါတယ်။