အောက်တိုဘာလတစ်လတာအကောင်းဆုံးနည်းပြဆုကို ယူနိုက်တက်နည်းပြအမိုရမ် ဆွတ်ခူး
====================
ယူနိုက်တက်နည်းပြရူဘင်အမိုရမ်ဟာ အောက်တိုဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုအား ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးလာပါတယ်။
အမိုရမ်ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ယူနိုက်တက်နည်းပြဖြစ်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာလတုန်းက သုံးပွဲဆက်နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ကာ ဖိအားများ လျှော့ချနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အောက်တိုဘာလတုန်းက ဆန်းဒါးလန်းကို အနိုင်ယူခဲ့သလို ၂၀၁၆ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အန်ဖီးလ်တွင် လီဗာပူးကို အနိုင်ရခဲ့သလို ဘရိုက်တန်ကိုလည်း ၄-၂ ဖြင့် အနိုင်ယူခဲ့ပါတယ်။
ဩဂုတ်လတုန်းက လိဂ် ၂ ကလပ် ဂရမ်စဘီကို ရှုံးနိမ့်ကာ ခါရာဘောင်ဖလားမှ ထွက်ခဲ့ရတဲ့ အမိုရမ်က"ဒါက ကျွန်တော့်ကြောင့် မဟုတ်ပါဘူး။ ကစားသမားတွေကြောင့် ရလာတာပါ။ သူတို့ အရမ်းကောင်းခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က လာမယ့်ပွဲနိုင်ပွဲရဖို့ပါ။ ဘောလုံးပွဲနိုင်ဖို့ ဆိုတာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
အမိုရမ်ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတုန်းက အဲရစ်တန်ဟက် ဆွတ်ခူးပြီးနောက် တစ်လတာအကောင်းဆုံးနည်းပြဆုကို ပထမဆုံးဆွတ်ခူးနိုင်တဲ့ ယူနိုက်တက်နည်းပြဖြစ်လာပါတယ်။
အမိုရမ်ရဲ့ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ် နိုဝင်ဘာလ ၁ ရက်နေ့တုန်းက နောက်ဆုံးပွဲတွင် နော်တင်ဟမ်ဖောရက်စ်နှင့် တစ်ဂိုးစီသရေကျခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။
ဒါအပြင် အောက်တိုဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကိုလည်း ယူနိုက်တက်ကစားသမားဘရိုင်ယန်အမ်ဘူမိုကပင် ဆွတ်ခူးသွားပါတယ်။
အမ်ဘူမိုဟာ အောက်တိုဘာလ နိုင်ပွဲ ၃ ပွဲတွင် ၃ ဂိုးသွင်းကာ ၁ ကြိမ်ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။