ပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနား ကျင်းပ
လေယာဉ်/ ရဟတ်ယာဉ်များ အသစ်ထပ်မံဖြည့်တင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည့်အတွက် မြန်မာ့ဝေဟင်ပိုင်နက် စိုးမိုးလုံခြုံရေးကို ပိုမိုခိုင်မာကောင်းမွန်စေခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကို ယနေ့(နိုဝင်ဘာ ၇ ရက်)နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြကြောင်း သိရသည်။
ယခုကဲ့သို့ လေယာဉ်/ ရဟတ်ယာဉ်များ အသစ်ထပ်မံဖြည့်တင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့သည့်အတွက် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်မှုကို အထောက်အကူများစွာ ဖြစ်စေခဲ့သည့်အပြင် မြန်မာ့ဝေဟင်ပိုင်နက် စိုးမိုးလုံခြုံရေးကိုလည်း ပိုမိုခိုင်မာ ကောင်းမွန်စေခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အခမ်းအနား၌ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။