21 နာရီ - ဘာသာပြန်ပါ။

ပြည်သူများအတွင်း ကာကွယ်ဆေးထိုးဆိုင်ရာ ကျန်းမာရေးအသိပညာများ မြင့်တက်လာစေရန် ရည်ရွယ်သည့် မဟာဗျူဟာ‌ရေးဆွဲနေ

အခြေခံကျန်းမာရေး ဝန်ထမ်းများက လက်တွေ့အသုံးချနိုင်မှု အခြေအနေများနှင့် ကွင်းဆင်းဆန်းစစ်ရာမှ တွေ့ရှိချက်များအပေါ်မူတည်၍ ဆက်လက်လုပ်ဆောင်ရမည့် အစီအစဉ်များအတွက် မဟာဗျူဟာများ ရေးဆွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ယခုရေးဆွဲသော မဟာဗျူဟာသည် အခြေခံကျန်းမာရေး ဝန်ထမ်းများ၏ ပြည်သူလူထုနှင့် ဆက်သွယ်ပြောဆိုခြင်းစွမ်းရည် တိုးတက်လာပြီး ပြည်သူများအတွင်း ကာကွယ်ဆေးထိုးဆိုင်ရာ ကျန်းမာရေးအသိပညာများ မြင့်တက်လာစေရန်နှင့် လိုအပ်သောနည်းပညာဆိုင်ရာပံ့ပိုးမှုများပေးနိုင်ရန် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

တိုးချဲ့ကာကွယ်ဆေးထိုးလွှမ်းခြုံမှုမြင့်မားစေရေး လူမှုရေးနှင့် အမူအကျင့်ပြောင်းလဲရေးဆိုင်ရာ Strategic Plan ထွက်ပေါ်ရေး အလုပ်ရုံဆွေးနွေးပွဲ ကို နိုဝင်ဘာ (၆) ရက်နေ့က စတင်ကျင်းပနေပြီး ဆွေးနွေးပွဲ ဖွင့်ပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာသန်းနိုင်စိုးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ၂၀၂၄ ခုနှစ်တွင် Interpersonal Communication (IPC) in Immunization Training များကို ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ် အဆင့်တို့တွင် အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး ၎င်းသင်တန်းများမှ ရရှိခဲ့သော Communication ဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို အခြေခံကျန်းမာရေးဝန်ထမ်းများက လက်တွေ့အသုံးချနိုင်မှု အခြေအနေများနှင့် ကွင်းဆင်းဆန်းစစ်ရာမှ တွေ့ရှိချက်များအပေါ်မူတည်၍ ဆက်လက်လုပ်ဆောင်ရမည့် အစီအစဉ်များအတွက် မဟာဗျူဟာများ ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောသည်။
ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ငွေကြေးကုန်ကျမှုနည်းပါးပြီး အကျိုးသက်ရောက်မှု ကြီးစွာရရှိသော လုပ်ငန်းတစ်ခုဖြစ်သဖြင့် ကလေးတိုင်းသည် အသက်အရွယ်အလိုက် သတ်မှတ်ထားသော ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးရန် လိုအပ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုး လွှမ်းခြုံမှုပြည့်မီအောင် ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၏ လှုံဆော်မှု(Drive)မှ ပြည်သူလူထုကိုယ်တိုင် လိုလားတောင်းဆိုမှု (Demand Creation) သို့ ပြောင်းလဲနိုင်ရေးအတွက် Socio–Behavioral Change Communication (SBCC) ကို အသုံးချရန် လိုအပ်လာကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် က ပြောသည်။

တိုးချဲ့ကာကွယ်ဆေးထိုး လွှမ်းခြုံမှုမြင့်မားစေရေး လူမှုရေးနှင့် အမူအကျင့်ပြောင်းလဲရေးဆိုင်ရာ Strategic Plan ထွက်ပေါ်ရေးအတွက်လည်း သုံးရက်ကြာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်တွင် ကျင်းပနေကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းနှင့် တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းဆောင်ရွက်နေ သော Focal person များ၊ UNICEF အဖွဲမှ Social & Behaviour Change Manager Georgina Mtenga နှင့် UNICEF၊ WHO တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့က တက်ရောက်ဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

image