1 ပတ် - ဘာသာပြန်ပါ။

ပညာရေးကဏ္ဍကို မြှင့်တင်ရန် KG မှ Grade -12 အထိ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်နေဟု ပြည်ထောင်စုဝန်ကြီးပြောကြား

ပညာရေးကဏ္ဍကို မြှင့်တင်ရန် KG မှ Grade -12 အထိ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောသည်။

ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်ရှိ အခြေခံပညာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘများနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကျောင်းသား ကျောင်းသူများမူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ဆင့်ပြီးမြောက်ပြီး တက္ကသိုလ်အဆင့် ပြီးမြောက်သည်အထိ တက်ရောက်ရေးသည် နိုင်ငံတော်၏ မူဝါဒပင်ဖြစ်ကြောင်း၊ Grade-12 အောင်ချက်ရာခိုင်နှုန်းမြင့်မားရေးသည် ပညာရေးဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်၍မရဘဲ ဆရာ ဆရာမများ၊ မိဘများအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

မိဘများအနေဖြင့်လည်း မိမိတို့၏ သားသမီးများ ကျောင်းပြင်ပသို့ရောက်ရှိချိန်တွင် ကာယဗလ၊ စာရိတ္တများ ကောင်းမွန်စေရန်သွန်သင်ဆုံးမ ပေးကြစေလိုကြောင်း ၎င်းကတိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် Grade -9 အောင်မြင်ပြီးသူများ Grade -12 သို့ ဆက်လက်မတက်ရောက်လိုပါက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများသို့ ရွေးချယ်တက်ရောက်နိုင်ကြောင်း၊ ယင်းမှ အဆင့်မြင့် စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ ဆက်လက်ဆည်းပူးသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

နွေရာသီရောက်ရှိပါက သက်ဆိုင်ရာဘာသာရပ်ကျွမ်းကျင်သူများက ပို့ချမည့်သင်တန်းများသို့ တက်ရောက်ရမည် ဖြစ်ပြီး ယင်းသင်တန်းများသို့ တက်ရောက်နိုင်ခြင်း မရှိသူများအနေဖြင့် မြန်မာ့ပညာရေးရုပ်သံတွင် သင်ကြားပို့ချလျက်ရှိသည့် သင်ခန်းစာများမှတစ်ဆင့် လေ့လာသင်ယူနိုင်ကြောင်း သိရသည်။

ယင်းအပြင် ထပ်မံဖွင့်လှစ်ရန် ကျန်ရှိသည့် ကျောင်းများကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

image