မြစ်ကြီးနား - ပူတာအိုလမ်း ပိတ်ထားဆဲဖြစ်လို့ ခရီးသွားတွေ အခက်ကြုံ
မြစ်ကြီးနား - ပူတာအိုလမ်း လက်ရှိထိ ပိတ်ထားဆဲ ဖြစ်လို့ ခရီးသွားတွေ အခက်ကြုံနေကြရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
"ကားတွေက မသွားခိုင်းဘူးလေ။ ပိတ်ထားတုန်း။ မဆွမ်ဇွပ် ဂိတ်မှာပဲ။ ကားတော်တော်များတယ် ခုချိန်ထိ သွားလို့ မရဘူး ဟုတ်တယ်။ အကုန်လုံး အဲမှာပဲ စောင့်နေကြတယ်။ အဆင်းလည်း မရဘူး သူက အတက်လည်း မရဘူး။" လို့ ဂိတ် လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
အရင်တလောက ကားတွေ လွှတ်ပေးတယ်ဆိုတာ လွှတ်ပေးချင်တဲ့ ကားပဲ လွှတ်ပြီး မလွတ်ပေးချင်တဲ့ကားကျတော့လည်း အကြောင်း အမျိုးမျိုးပြပြီး ပိတ်ထားတယ်လို့ သူက ပြောပါတယ်။
ပိတ်မိနေတဲ့ ကားတွေကတော့ လေး၊ ငါးဆယ်လောက်ရှိနိုင်တယ်လို့ သူက ပြောပါတယ်။
"ကားလမ်းပိတ်သွားတော့ အခက်အခဲ ကတော့ သိတဲ့ အတိုင်းပဲ။ အဓိကကတော့ စားဝတ်နေရေးပေါ့။ပူတာအိုဘက်ကတော့ ကုန်ဈေး နည်းနည်းတက်တယ်။" လို့ ဒေသခံ တယောက်က ပြောပါတယ်။
ခရီးသည်တွေရော ကားတွေရော ပိတ်မိတဲ့ နေရာမှာပဲ ဘယ်ချိန် ဖွင့်ပေးမလဲ ဆိုတာကို စိတ်ရှည် လက်ရှည်နဲ့ စောင့်နေကြရတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ လေယာဉ် လက်မှတ်တောင် ရဖို့ ခက်ခဲနေတဲ့အပြင် လေယာဉ်နဲ့လည်း မသွားနိုင်ဘူးလို့ ဆိုပါတယ်။
မြစ်ကြီးနား - ပူတာအို လမ်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ကစ ပိတ်လိုက်တာဖြစ်ပြီး လက်ရှိထိ ပိတိနေဆဲဖြစ်ကာ ဆေးဝါး၊ မိုးကာနဲ့ စက်သုံးဆီတွေကို သယ်ယူခွင့် ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။