ရွေးကောက်ပွဲအောင်မြင်ရန် ဒေသလုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်

ပါတီစုံဒီမိုကရေစီနစ်ကို လျှောက်လှမ်းနိုင်ရေး ပူးပေါင်းပါဝင်ကြရန် ယာယီသမ္မတတိုက်တွန်း
ရွေးကောက်ပွဲအောင်မြင်ရန်မှာ ဒေသလုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူများ လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ရေး ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းပြောကြားလိုကြောင်း မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ယာယီသမ္မတက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုထက်ပို၍ ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် ကရင်ပြည်နယ်ဖြစ်ပေါ်လာစေရေးအတွက် ပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။

ထို့ပြင် ယနေ့အချိန်တွင် တိုင်းရင်းသားပြည်သူများ လိုလားတောင့်တနေသော နိုင်ငံတော်ကြီးအား စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်ရန်အတွက် တွေ့ကြုံလာရမည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ကြံ့ကြံ့ခံကျော်လွှားပြီး တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး၏ စုပေါင်းစွမ်းအားဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လည်း ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူအားလုံး ယနေ့ကျရောက်သော နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များကို ရယူခံစားနိုင်သူများ ဖြစ်ကြပါစေ၊ ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော ဂုဏ်ယူဖွယ်ရာပြည်နယ်ကြီးအဖြစ်တည်ရှိနေစေရေး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ဖော်ဆောင်နိုင်ကြပါစေကြောင်းလည်း ယာယီသမ္မတက သဝဏ်လွှာကတဆင့် ထည့်သွင်းပြောကြားခဲ့သည်။

လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ (၂၈)ရက်တွင် မြို့နယ် ၁၀၂ မြို့နယ် ၌ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်တွင် မြို့နယ် (၁၀၀)၌ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။

image