အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပလိုစီ နိုင်ငံရေးမှ အနားယူတော့မယ် ကြေညာ

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပလိုစီဟာ နိုင်ငံရေးကနေ အနားယူတော့မယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကယ်လီဖိုးနီးယား ဒီမိုကရက်တစ် လွှတ်တော်အမတ်လည်းဖြစ်တဲ့ သူမဟာ ၂၀၂၇ ခုနှစ် ဇန်နဝါရီလမှာ သက်တမ်းကုန်ဆုံးချိန်မှာ ကွန်ဂရက်ရွေးကောက်ပွဲ ထပ်မဝင်တော့ဘူးလို့ ဆိုပါတယ်။

အသက် ၈၅ နှစ်အရွယ် ပလိုစီဟာ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပထမဆုံး အမျိုးသမီးဖြစ်လာခဲ့ပြီး ၂၀၀၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အောက်လွှတ်တော်မှာ သူမရဲ့ ဒီမိုကရက်တစ်ပါတီကို ဦးဆောင်ခဲ့ပါတယ်။

"ကျွန်မတို့ သမိုင်းကို ဖန်တီးခဲ့ပြီး တိုးတက်မှုတွေ ရရှိခဲ့ပါတယ်။ ကျွန်မတို့ အမြဲတမ်း ဦးဆောင်ခဲ့ပြီး ဒီမိုကရေစီမှာ အပြည့်အဝ ပါဝင်နေခြင်းအားဖြင့် ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်သလို ကျွန်မတို့ တန်ဖိုးထားရတဲ့ အမေရိကန် စံနှုန်းတွေအတွက် တိုက်ပွဲဝင်သွားရမှာ ဖြစ်ပါတယ်။ " ဟု ပလိုစီက သူမရဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

ပလိုစီဟာ ၁၉၈၇ ခုနှစ် အသက် ၄၇ နှစ်အရွယ်မှာ ဆန်ဖရန်စစ္စကိုကိုယ်စားပြုဖို့ ကွန်ဂရက်လွှတ်တော်မှာ ပထမဆုံးရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ရာထူးအဆင့်ဆင့်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှာ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် သူမရဲ့ပါတီမှ ရွေးချယ်တင်မြှောက်ခံခဲ့ရပြီး ဒီရာထူးမှာ တာဝန်ထမ်းဆောင်တဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဒီမိုကရက်တစ်တွေ အောက်လွှတ်တော်ကို ထိန်းချုပ်မှုဆုံးရှုံးသွားတဲ့အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ကနေ ၂၀၂၃ အထိ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌဟာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ၊ ဒုတိယသမ္မတရာထူးတွေပြီးရင်း နိုင်ငံရဲ့ အမြင့်ဆုံး ရာထူးတခုလည်း ဖြစ်ပါတယ်။

image