ချန်ပီယံလိဂ်ပွဲစဉ်(၄)ရဲ့ အကောင်းဆုံးကစားသမားဆုကို ဖိုဒန် ရရှိ

မန်စီးတီးတိုက်စစ်ကစားသမား ဖိုဒန်ဟာ ချန်ပီယံလိဂ်ပွဲစဉ်(၄)ရဲ့ အကောင်းဆုံးကစားသမားဆု ရရှိခဲ့ကြောင်း သိရပါတယ်။
ဖိုဒန်ဟာ ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်(၄)မှာ (၂)ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့တာကြောင့် အခုလို ရွေးချယ်ခံခဲ့ရတာပါ။

ဒီဆုအတွက် ဆန်ခါတင်(၄)ဦးစာရင်းမှာ ဖိုဒန်နဲ့အတူ ဂါလာတာစာရေးတိုက်စစ်မှူး အိုဆင်မန်၊ ကလပ်ဘရုဂေးတောင်ပံကစားသမား ကားလို့စ်ဖော့ဘ်စ်နဲ့ အာဆင်နယ်တိုက်စစ်ကစားသမား မယ်ရီနိုတို့ ပါဝင်ခဲ့ပြီး ဟက်ထရစ်သွင်းယူခဲ့တဲ့ အိုဆင်မန်ကို ကျော်ဖြတ်ကာ ဖိုဒန် ရွေးချယ်ခံခဲ့ရတဲ့အတွက် ဂါလာတာစာရေးပရိသတ်တချို့ကတော့ မေးခွန်းထုတ်ခဲ့ကြပါတယ်။

UEFA က ချန်ပီယံလိဂ်ပွဲစဉ်(၄)ရဲ့ အကောင်းဆုံးအသင်းကိုလည်း ရွေးချယ်ထုတ်ပြန်ခဲ့ပြီး အဲဒီအသင်းမှာတော့ အခု ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမား(၄)ဦးစလုံး ရွေးချယ်ခံခဲ့ရပါတယ်။

ဒီရာသီ ချန်ပီယံလိဂ်ပွဲစဉ်အလိုက် အကောင်းဆုံးဆုတွေကို ပွဲစဉ်(၁)မှာ ဘာစီလိုနာတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်၊ ပွဲစဉ်(၂)မှာ ရီးယဲလ်တိုက်စစ်မှူး ဘာပေ၊ ပွဲစဉ်(၃)မှာ ဘာစီလိုနာတောင်ပံကစားသမား ဖာမင်လိုပက်ဇ်တို့ ရရှိခဲ့ကြောင်းလည်း သိရပါတယ်။

image