ကြွက်သားဒဏ်ရာရရှိနေတဲ့ ချူယာမန်နီ (၃)ပတ်ဝန်းကျင် အနားယူရမယ်လို့ ရီးယဲလ် အတည်ပြု
ပြင်သစ်လက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမား ချူယာမန်နီဟာ ကြွက်သားဒဏ်ရာရရှိနေတာကြောင့် (၃)ပတ်ဝန်းကျင်အနားယူရမယ်လို့ ရီးယဲလ်မက်ဒရစ်အသင်းက အတည်ပြုကြေညာခဲ့ပါတယ်။
ချူယာမန်နီဟာ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပေမဲ့ ဘယ်ဘက်ပေါင်မှာ ကြွက်သားဒဏ်ရာ ရရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။
ဆေးအဖွဲ့ရဲ့ စမ်းသပ်စစ်ဆေးမှုအရ အနားယူဖို့ လိုအပ်ကြောင်း တွေ့ရှိခဲ့တာကြောင့် (၃)ပတ်ဝန်းကျင် အနားပေးသွားမယ်လို့ ရီးယဲလ်အသင်းက အတည်ပြုခဲ့ပြီး နိုဝင်ဘာ(၂၆)မှာ ယှဉ်ပြိုင်ရမယ့် အိုလံပီယာကော့စ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။
ချူယာမန်နီဟာ ဒဏ်ရာပြဿနာကြောင့် နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ကစားရမယ့် ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကိုလည်း လွဲချော်ရမှာဖြစ်ပါတယ်။
ရီးယဲလ်အသင်းအတွက်တော့ ဗယ်လက်ကာနို၊ အယ်လ်ချီတို့နဲ့ ယှဉ်ပြိုင်ရမယ့် လာလီဂါနှစ်ပွဲကိုသာ လွဲချော်ရမှာဖြစ်ပေမဲ့ ဒီရာသီမှာ ပွဲတိုင်းကစားခွင့်ရထားသူဖြစ်တာကြောင့် ရီးယဲလ်အသင်း အားနည်းသွားနိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။