2 ရက် - ဘာသာပြန်ပါ။

ပေါ်တူဂီကစားဖော်ဂျိုတာရဲ့ ဈာပန အခမ်းအနားသို့ မတက်ရောက်တဲ့ အကြောင်းရင်းကို ခရစ္စတီယာနိုရော်နယ်ဒို ဖွင့်ဟလာ
======================

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီကစားဖော်ဒီယေဂိုဂျိုတာရဲ့ ဈာပနအခမ်းအနားသို့ မတက်ရောက်ဖြစ်တဲ့ အကြောင်းရင်းကို ဖွင့်ဟ ပြောကြားလာပါတယ်။

အသက် ၂၈ နှစ်ရှိ လီဗာပူးစတားဒီယေဂိုဂျိုတာဟာ ဇူလိုင်လတုန်းက ညီဖြစ်သူ အင်ဒရေဆေးလ်ဗားနှင့်အတူ စပိန်တွင် ယာဉ်မတော်တဆဖြစ်မှုကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

ဒီယေဂိုဂျိုတာရဲ့ ဈာပနအခမ်းအနားသို့ လီဗာပူးကစားဖော်များ၊ ပေါ်တူဂီကစားသမားများ တက်ရောက်ခဲ့ကြပေမယ့် ပေါ်တူဂီအသင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကတော့ မတက်ရောက်ခဲ့ပါဘူး။

ယခုအခါ ခရစ္စတီယာနိုရော်နယ်ဒိုက မတက်ရောက်ရတဲ့ အဓိကအကြောင်းအရင်း ၂ ချက်ကို ဖွင့်ဟလာပါတယ်။

၎င်းက "နှစ်ချက် ရှိတယ်။ လူတွေ ကျွန်တော့်ကို အများကြီး ဝေဖန်ကြတယ်။ ကျွန်တော် ပြောခဲ့သလိုပဲ ဒါကို ဂရုလည်း မစိုက်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ချင်းတရားက ကောင်းလို့ပါ။ လွတ်လပ်စွာပါပဲ။ လူတွေ ပြောနေတာနဲ့ပတ်သက်ပြီး စိုးရိမ်နေစရာ မလိုပါဘူး။ ဒါပေမယ့် ပထမအချက်က ကျွန်တော့်အဖေ ကွယ်လွန်သွားပြီးတဲ့နောက် ဘယ်အသုဘအခမ်းအနားကိုမှ မတက်တော့ပါဘူး။ နောက် ဒုတိယအချက်ကတော့ ကျွန်တော့် ဂုဏ်သတင်းကိုလည်း ခင်ဗျားသိတဲ့အတိုင်းပဲ။ ကျွန်တော် ရောက်လေရာ လူအုပ်ကြီး ဖြစ်နေတယ်။ ကျွန်တော် သွားခဲ့ရင် လူတွေက ကျွန်တော့်ပဲ အာရုံစိုက်ကြမှာ ဖြစ်လို့ မသွားခဲ့တာ။ ဒီလို အခြေအနေမျိုး မဖြစ်စေချင်ဘူး"လို့ ရှင်းပြသွားပါတယ်။

ဆက်လက်ပြီး ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဂျိုတာ သေဆုံးသွားကြောင်း သိရချိန်တုန်းက အခြေအနေကိုလည်း ဖွင့်ဟသွားပါတယ်။

၎င်းက "သူတို့ မက်ဆေ့ချ်တွေ ပို့လာတဲ့အချိန်မှာ မယုံနိုင်အောင် ဖြစ်ရတယ်။ ကျွန်တော် အရမ်းငိုမိတယ်။ လူတိုင်းအတွက် အရမ်းကို ခက်ခဲတဲ့ကာလပါ။ နိုင်ငံအတွက်၊ မိသားစုအတွက်၊ သူငယ်ချင်းတွေအတွက်၊ ကစားဖော်တွေအတွက်။ အရမ်းကို ကြေကွဲရတယ်။ အရမ်းအရမ်းအရမ်းကို ဝမ်းနည်းစရာသတင်းပါ။ တကယ့်ကို ရှော့ ဖြစ်ရတဲ့ အခိုက်အတန့်ပါ။ လက်ရွေးစင်အသင်း ဝတ်လိုက်တဲ့အချိန်မှာ အရှိန်အဝါကို ကျွန်တော်တို့ ခံစားနေရတုန်းပါ။ ဘာလို့လဲဆိုတော့ ဒီယေဂိုက ကျွန်တော်တို့ထဲက တစ်ယောက် ဖြစ်ခဲ့လို့ပါ"လို့ ပြောကြားသွားပါတယ်။

ဂျိုတာနှင့် ညီဖြစ်သူ အင်ဒရေတို့ဟာ စပိန်မြောက်ပိုင်း ဇာမိုရာရှိ A52 လမ်းမပေါ်တွင် Lamborghini ကား တာယာကွဲပြီးနောက် ယာဉ်မတော်တဆဖြစ်ကာ နှစ်ဦးလုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

image