မှတ်ဉာဏ်စွမ်းရည်လျော့နည်းမှုကို ပြန်လည်တိုးမြှင့်ပေးမယ့် ပင်လယ်စာတစ်မျိုး ပညာရှင်များ တွေ့ရှိ
---------------------------------------------------------------------------------
ရန်ကုန်။ ၂၀၂၅၊ နိုဝင်ဘာ ၁ ရက်
တရုတ်နိုင်ငံမှ သုတေသနပညာရှင်များက အိုမင်းခြင်းနဲ့အတူယှဉ်တွဲဖြစ်ပေါ်လာလေ့ရှိတဲ့ မှတ်ဉာဏ်စွမ်းရည် လျော့နည်းမှုကို ပြန်လည်တိုးမြှင့်ပေးမယ့်တွေ့ရှိချက် တစ်ခုကိုဖော်ထုတ်လိုက်နိုင်ပြီး အဆိုပါ တွေ့ရှိမှုမှာ ပင်လယ်ရေညှစ်ကောင် (Sea Squirt) များကို စားသုံးပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။
သုတေသနပညာရှင်များက ပင်လယ် ရေညှစ်ကောင်လေးများမှာ တွေ့ရလေ့ရှိတဲ့ အဆီ ပါဝင်သော ဒြပ်ပေါင်းတစ်မျိုးကို ကြွက်တွေကိုကျွေးပြီး စမ်းသပ်မှုတွေလုပ်ဆောင်ထားတာဖြစ်ကာ အဆိုပါ ဒြပ်ပေါင်းကို ပလာစမာလိုဂျင်လို့လည်းခေါ်ပြီး သူ့ရဲ့စွမ်းရည်က နျူရွန်များကို ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ရောင်ရမ်းမှု ကိုလျှော့ချပေးခြင်း၊ မှတ်ဉာဏ်ကို ပိုမိုတိုးတက်စေခြင်းတို့ဖြစ်ပါတယ်။
ပလာစမာလိုဂျင်ဆိုတာ လူသားတွေရဲ့ ဦးနှောက်၊ ကျောက်ကပ်၊ ကြွက်သား အစရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေမှာတွေ့ ရလေ့ရှိတဲ့အရာဖြစ်ပေမယ့် လူသားတွေ အသက်ကြီးလာတာနဲ့အမျှ ဒီဒြပ်ပေါင်းတွေကလည်း လျော့ကျသွားတယ်လို့ သိရပါတယ်။
ပင်လယ်ရေညှစ်ကောင်တွေမှာပါတဲ့ ယင်းဒြပ်ပေါင်းက အာရုံကြောရဲ့ပင်မကလာပ်စည်းတွေကို ပိုမိုဖြစ်ပေါ် လာစေပြီး အာရုံကြောချိတ်ဆက်မှုတွေကိုလည်း ပိုကောင်းလာစေတာဖြစ်တယ်လို့လည်း ပညာရှင်များက ဆိုထားပါတယ်။