ထောပတ်သီးစက်ရုံ လာဆောက်ရန် အိန္ဒိယကို ဖိတ်ခေါ်
မြန်မာနိုင်ငံမှာ ထောပတ်သီးပြုပြင်ထုတ်လုပ်တဲ့ စက်ရုံသစ်တစ်ခု တည်ဆောက်ရာမှာ ရင်းနှီးမြှုပ်နှံဖို့ အိန္ဒိယနိုင်ငံကို ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (Myan Trade) ကနေ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံမှ ထုတ်လုပ်တဲ့ ထောပတ်သီးရဲ့ အရည်အသွေးနဲ့ ထောပတ်သီးထွက်ရှိမှုကို အိန္ဒိယနိုင်ငံကို အစီရင်ခံတင်ပြဖို့ အွန်လိုင်းအစည်းအဝေးတစ်ခု ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံကို အေးခဲထားတဲ့ ထောပတ်သီးတန်ချိန် (၂၀၀) တင်ပို့ရောင်းချဖို့ စီစဉ်နေတဲ့အကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (Myan Trade) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက ပြောပါတယ်။
တင်ပို့မယ့် အေးခဲထောပတ်သီး နမူနာတွေကို မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MAVO) ကနေ တင်ပို့သွားဖို့ရှိတယ်လို့ သိရပါတယ်။
ထောပတ်သီးတင်ပို့မှုကို လွယ်ကူချောမွေ့စေဖို့ လိုအပ်တဲ့ အကူအညီတွေ ပေးအပ်ဖို့လည်း အိန္ဒိယနိုင်ငံကို တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
ပြည်တွင်းမှာ Hass၊ Buccaneer နဲ့ Amaya တို့လို ထောပတ်သီးအမျိုးအစားတွေက ပိုလျှံတဲ့အပြင် နိုင်ငံတကာဈေးကွက်ကို တင်ပို့လျက်ရှိပါတယ်။
နိုင်ငံတဝှမ်းမှာ Hass ထောပတ်သီးမျိုး စိုက်ပျိုးထားတဲ့ ဧက ၂၀,၀၀၀ ခန့်ရှိပြီး ပြီးခဲ့တဲ့နှစ်က ထောပတ်သီးထွက်ရှိမှုကို တန်ချိန် ၃,၀၀၀ ခန့် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။