နျူကလီးယား စမ်းသပ်ဖို့ မြောက်ကိုရီးယား အသင့်ဖြစ်နေဖွယ်ရှိ
မြောက်ကိုရီးယားဟာ နိုင်ငံခေါင်းဆောင် ကင်ဂျုံအွန်က အမိန့်ထုတ်လိုက်တာနဲ့ နျူကလီးယားစမ်းသပ်မှုကို ချက်ချင်းလုပ်ဆောင်ဖို့ အသင့်ဖြစ်နေပုံရကြောင်း တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတာ်
၂၀၁၇ ခုနှစ်မှာ သူ့ရဲ့ ဆဋ္ဌမအကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို မြောက်ကိုရီးယားဟာ ပြုလုပ်ခဲ့ပါတယ်။ ကင်ဂျုံအွန်က ခွင့်ပြုချက်ပေးပါက မြောက်ကိုရီးယားဟာ စမ်းသပ်မှုကို လျင်မြန်စွာလုပ်ဆောင်ဖို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။
မြောက်ကိုရီးယားဟာ ကီလိုမီတာ ၁၃၀၀၀ ကျော်ထိ ခရီးနှင်ကာ အမေရိကန်ပြည်မကြီးအထိ ရောက်ရှိနိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်သစ် တစင်းကို တီထွင်နိုင်ခဲ့ပြီးဖြစ်ကြောင်း တောင်ကိုရီးယားရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
တချိန်တည်းမှာပင် ရုရှားရဲ့ နည်းပညာပံ့ပိုးမှုနဲ့အတူ စစ်ရေးထောက်လှမ်းရေးဂြိုဟ်တုတစင်းကိုလည်း မြောက်ကိုရီးယားက ပစ်လွှတ်ဖို့ ပြင်ဆင်နေပုံရကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက လွှတ်တော်မှာ ရှင်းလင်းတင်ပြရာမှာ ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ် မေလမှာ မအောင်မြင်တဲ့ ကြိုးပမ်းမှုတခုနောက်ပိုင်း မြောက်ကိုရီးယားဟာ ဂြိုဟ်တု လွှတ်တင်တာတွေ လုပ်ဆောင်ခဲ့ခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ ဇွန်လမှာ ရုရှားနဲ့ မြောက်ကိုရီးယားတို့အကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်သဘောတူညီချက်အရ နှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာခဲ့ပါတယ်။
ပထမကြိမ် သမ္မတသက်တမ်းအတွင်းမှာ ကင်ဂျုံအန်နဲ့ ထိပ်သီးဆွေးနွေးခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကင်ဂျုံအန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။ ဒါပေမယ့်လည်း နျူကလီးယားစွန့်လွှတ်ရေး အမေရိကန်ရဲ့ တောင်းဆိုမှုတွေ ရပ်တန့်မယ်ဆိုရင် ဆွေးနွေးပွဲတွေအတွက် လမ်းဖွင့်ထားတယ်လို့ မြောက်ကိုရီးယားက ဆိုထားပါတယ်။