လုပ်ခ ကြွေးကျန် ယူရို ၅၅ သန်းရရှိရေး ပီအက်စ်ဂျီကို တရားစွဲဆိုထားမှု ရုံးတက် ရင်ဆိုင်လာမယ့် ကိုင်လီယန်ဘက်ပေး
=======================
ကိုင်လီယန်ဘက်ပေးရဲ့ အသင်းဟောင်း ပီအက်စ်ဂျီကို တရားစွဲဆိုထားမှု မပြီးပြတ်သေးပါဘူး။ ရီးရဲလ်မက်ဒရစ်စူပါစတားဟာ လုပ်ခနှင့် အပိုဆုကြွေးကျန် ယူရို ၅၅ သန်း ရရှိရေးအတွက် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပဲရစ်အလုပ်သမားတရားရုံးတွင် ထွက်ဆိုရပါမယ်။
ဘက်ပေးဟာ အစောပိုင်းတုန်းက အသင်းဟောင်းပီအက်စ်ဂျီကို စိတ်ပိုင်းဆိုင်ရာနာကျင်အောင် ပြုလုပ်မှုအတွက် တရားစွဲဆိုခဲ့ပေမယ့် ယင်းအမှုကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ပြင်သစ်အသင်းခေါင်းဆောင်ဟာ လုပ်ခနှင့် အပိုဆုကြေးငွေ ကြွေးကျန်များ ရရှိရေးအတွက် ဆက်လက် တိုက်ပွဲဝင်နေတုန်း ဖြစ်ပါတယ်။
ယနေ့တွင် RMC Sport ရဲ့ ဖော်ပြလာမှုအရ ဘက်ပေးနှင့် ပီအက်စ်ဂျီတို့ဟာ ယခုလ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပဲရစ်အလုပ်သမားတရားရုံးတွင် အမှုရင်ဆိုင်လာရမှာ ဖြစ်ကြောင်း သိရပါတယ်။
ဘက်ပေးက ၂၀၂၄ ခုနှစ်တွင် ကုန်ဆုံးခဲ့တဲ့ စာချုပ်ဟောင်းအတွက် လုပ်ခကြွေးကျန်၊ လက်မှတ်ထိုးကြေးနှင့် ကျင့်ဝတ်လိုက်နာမှုအတွက် ငွေကြေး စုစုပေါင်း ယူရို ၅၅ သန်း ကျန်နေသေးကြောင်း စွပ်စွဲထားပါတယ်။
တဖက်တွင် ပီအက်စ်ဂျီဘက်ကလည်း ၂၀၂၄ ခုနှစ်တွင် အသင်းမှ ထွက်ခွာသွားတဲ့ ဘက်ပေးအတွက် တစုံတရာ ပေးရန် မရှိတော့ကြောင်း ယုံကြည်နေပါတယ်။
လက်ရှိအနေအထားအရ ပီအက်စ်ဂျီနှင် ကစားသမားဟောင်းကိုင်လီယန်ဘက်ပေးတို့အကြား ဆက်ဆံရေးမှာ ပိုမို ဆိုးရွားလာမယ့် အခြေအနေမှာ ရှိနေပြီလည်း ဖြစ်ပါတယ်။