လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ဟာရီကိန်းကို အနားပေးပြီး ဝဲလ်ဘက်ကို အခွင့်အရေးပေးသင့်တယ်လို့ ရွန်နီ အကြံပြု

အင်္ဂလန်တိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီက လက်ရှိ အင်္ဂလန်နည်းပြ သောမတ်စ်တူဟယ်လ်အနေနဲ့ လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းကို အနားပေးပြီး ဘရိုက်တန်တိုက်စစ်မှူး ဝဲလ်ဘက်ကို အခွင့်အရေးပေးသင့်တယ်လို့ အကြံပြုပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ နိုဝင်ဘာလမှာ ဆားဘီးယား၊ အယ်လ်ဘေးနီးယားတို့နဲ့၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်ထားပြီးဖြစ်တာကြောင့် ရလဒ်က အရေးမပါတော့ပါဘူး။

ဒါကြောင့် အသင်းခေါင်းဆောင် ဟာရီကိန်းကို အနားပေးပြီး ဒီရာသီမှာ ဘရိုက်တန်အသင်းအတွက် ခြေစွမ်းပြနေတဲ့ ဝဲလ်ဘက်ကို ပြန်လည်ရွေးချယ် အသုံးပြုသင့်တယ်လို့ ရွန်နီက အကြံပြုခဲ့တာပါ။

''လာမယ့် အင်္ဂလန်အသင်းရဲ့ ပွဲနှစ်ပွဲမှာ ကျွန်တော်သာဆိုရင် ဟာရီကိန်းကို မခေါ်ယူဘဲ အနားပေးမှာပါ။ ရာသီမကုန်ခင်မှာ သူ့ကို အနားပေးဖို့ အခွင့်အရေးအများကြီး မရှိပါဘူး။ သူ့ကို အနားပေးပြီး ဝဲလ်ဘက် ဒါမှမဟုတ် ဝပ်ကင်စ် ဒါမှမဟုတ် အီဗန်တိုနေးကို စမ်းသပ်ကြည့်သင့်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ကြိုးစားဖို့ အခွင့်အရေးရသင့်ပါတယ်။ ကျွန်တော်ကတော့ ဒန်နီယဲလ်(ဝဲလ်ဘက်)ကို တကယ်သဘောကျပါတယ်။ သူက ဂိုးတွေသွင်းနေပြီး ကြိုးစားသူလည်းဖြစ်ပါတယ်'' လို့ ရွန်နီက ပြောကြားခဲ့ပါတယ်။

ဝဲလ်ဘက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ (၆)ဂိုးသွင်းယူထားတာကြောင့် သောမတ်စ်တူဟယ်ကလည်း အင်္ဂလန်အသင်းအတွက် ပြန်လည်ရွေးချယ်ခေါ်ယူဖို့ စဉ်းစားနေကြောင်း သတင်းထွက်နေပါတယ်။

ဝဲလ်ဘက်(၃၄ နှစ်)ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးကတည်းက အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်မခံရကြောင်း သိရပါတယ်။

image