ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် WFP အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး နှင့်တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာမဟာဗျုဟာအစီအစဉ်သစ် (၂၀၂၇-၂၀၂၉) ပြင်ဆင်ရေး ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များဆွေးနွေး
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr.Samir Sudhir Wanmali နှင့် ဘန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services- UNOPS) ၏ အာရှဒေသဆိုင်ရာရုံးညွှန်ကြားရေးမှူး Mr. Sanjay Mathur တို့ကို ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ လက်ရှိ WFP က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ အထောက်အပံ့များအကျိုးရှိထိရောက်စေရေး၊ ၂၀၂၆ ခုနှစ်တွင်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ခွင့်ရရှိရေး၊ မြန်မာနိုင်ငံဆိုင်ရာမဟာဗျူဟာအစီအစဉ်အသစ် (၂၀၂၇-၂၀၂၉) ပြင်ဆင်ရေးနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများလုပ်‌ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံနှင့်ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS)တိုအကြား လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသည့်အစီအစဉ်များနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မန္တလေးငလျင်ကြောင့်ထိခိုက်ခဲ့မှုများကို ပြန်လည်ထူထောင်ရေးတွင် ပူးပေါင်းဆောင်ရွက်စေလိုသည့် လုပ်ငန်းများကိုလည်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ WFP ရုံးနှင့် UNOPS ရုံးတို့မှ ကိုယ်စားလှယ်များလည်းတက်ရောက်ခဲ့ကြောင်း သိရသည်။

image