သာကေတမြို့နယ်တွင် ပံ့သကူကောက်သူများကို ရှောင်ရာမှ လမ်းဘေးရပ်နေသူ အမျိုးသမီးတစ်ဦးကို ယာဉ်တိုက်မိသဖြင့် သေဆုံး
သာကေတမြို့နယ်တွင် ပံ့သကူကောက်သူများကို ရှောင်ရာမှ လမ်းဘေးရပ်နေသူ အမျိုးသမီးတစ်ဦးကို ယာဉ်တိုက်မိသဖြင့် သေဆုံးမှု နိုဝင်ဘာ ၅ ရက် ည ၇ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းထံမှ သိရသည်။
သာကေတမြို့နယ် တစ်ဆယ်တောင်၊ တစ်ဆယ့်လေးရပ်ကွက်၊ ရှုခင်းသာလမ်းမကြီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းသူမှာ တိုက်မိပြီးနောက် မောင်းပြေးသွားကြောင်း သိရသည်။
“ကျွန်တော်တို့အသင်းကားတွေကို မြို့နယ်အနှံ့မှာ ဖြန့်ကျက်ထားထားပါတယ်။ မနေ့ညကတော့ အခင်းဖြစ်နေရာကို ကျွန်တော်တို့အသင်းကား ရောက်သွားတော့ ပံ့သကူကောက်သူတွေကို ရှောင်ရင်း တိုက်မိတာလို့ ပတ်ဝန်းကျင်ကပြောပါတယ်။
ယာဉ်မောင်းကတော့ တိုက်ပြေးသွားပါတယ်” ဟု ရှင်သန်ရေးကူညီမှုအသင်းထံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းနောက် တိုက်မိခံရသူ အမျိုးသမီးအား ရှင်သန်ရေးကူညီမှုအသင်းလူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း၊ ပို့ဆောင်ပြီးနောက် ဆေးရုံရောက်ပြီး ခဏအကြာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။